နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ဖျားနာသူများ၏ စာရင်းကောက်ယူပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် စစ်ဆေးမှုများပြုလုပ်

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ဖျားနာသူများ၏ စာရင်းကောက်ယူပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် စစ်ဆေးမှုများပြုလုပ်
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ဖျားနာသူများ၏ စာရင်းကောက်ယူပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် စစ်ဆေးမှုများပြုလုပ်

(၃)နိုင်ငံနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ထမ်းများက ဖျားနာသူစာရင်း ကောက်ယူစစ်ဆေးခြင်းများကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်နေကြောင်း သိရသည်။

ကျွန်တော်တို့က တစ်မြို့နယ်လုံး နှာစည်း၊ ချောင်းဆိုး၊ ဖျားတာတွေအကုန်လုံး စာရင်းကောက်တယ်။ စာရင်းပြုစုတယ်။ ဆေးရုံတက်တဲ့သူတွေရော ရပ်ကွက်တွေရော၊ ကျေးရွာတွေရော အကုန်လုံး စာရင်းကောက်တာပေါ့။ ဒီလူတွေက တရုတ်ပြည်နဲ့ ဆက်စပ်မှု ရှိ၊ မရှိ ဆောင်ရွက်တာပေါ့။ အခုချိန်ထိသံသယလူနာတော့ မတွေ့သေးဘူး

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး နယ်စပ်ဝင်ထွက်ပေါက်များဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား၊ တာချီလိတ်လေဆိပ်၊ မိုင်းဖုန်း(က)ကျေးရွာအတွင်းရှိ ဝမ်ပုံဆိပ်ကမ်း၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားများတွင် ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးမှုများကိုလည်း ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှိ အဓိကနယ်စပ်ဝင်ထွက်ပေါက်ဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားပေါ်တွင် မြန်မာနိုင်ငံတွင်းဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှု အပြင် Health Declaration Form(ကျန်းမာရေးစစ်တမ်း)များကိုပါ ဖေဖော်ဝါရီလ (၅) ရက်နေ့မှ စတင်ရယူနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာကျန်းမာရေးအသိပေးချက်များကိုလည်း မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကား (၃)မျိုးဖြင့် ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်အထိတွင် ကူးစက်ကူးခံရသူ စုစုပေါင်း  (၄၅,၁၉၁)ဦးရှိပြီး သက်သာပျောက်ကင်းသူမှာ (၄,၉၅၄)ဦး ရှိလာသော်လည်း သေဆုံးသူမှာ (၁၁၁၆)ဦးရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~