ရှမ်းပြည်နယ်တွင်း နယ်စပ်နှင့် နယ်စပ်ဆက်စပ်နေရာပေါင်း (၃၀)တွင် ကျန်းမာရေးအဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးစစ်ဆေးမှု လုပ်ဆောင်နေ

ရှမ်းပြည်နယ်တွင်း နယ်စပ်နှင့် နယ်စပ်ဆက်စပ်နေရာပေါင်း (၃၀)တွင် ကျန်းမာရေးအဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးစစ်ဆေးမှု လုပ်ဆောင်နေ
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency

ရှမ်းပြည်နယ်တွင်း နယ်စပ်နှင့် နယ်စပ်ဆက်စပ်နေရာပေါင်း (၃၀)တွင် ကျန်းမာရေးအဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးစစ်ဆေးမှု လုပ်ဆောင်နေ

ရှမ်းပြည်နယ်အတွင်း COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ကာကွယ်ရေးအတွက် နယ်စပ်ဂိတ်များ၊ နယ်စပ်များနှင့် ဆက်စပ်နေသည့် မြို့နယ်ဂိတ်များ စုစုပေါင်း နေရာ (၃၀) တွင် ကျန်းမာရေးအဖွဲ့များဖြင့် စစ်ဆေးခြင်းအပြင် အထူးဒေသများ၏ ကျန်းမာရေးအခြေအနေများကိုပါ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

အရင်ကတော့ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးကို နယ်စပ်ဂိတ်တွေမှာပဲ လုပ်တာပေါ့။ နောက်တော့ နည်းနည်း အုပ်မိအောင်ဆိုပြီးတော့ ကွတ်ခိုင်တိုးဂိတ်ရယ်၊ ကွမ်လုံဂိတ်ရယ် အဲဒါတွေပါ တိုးပြီးလုပ်နေတယ်။ “ဝ” နဲ့မိုင်းလားမှာ သူတို့လုပ်ထားတာလေးတွေလည်း ကောင်းပါတယ်။ သူတို့ ဒေသအမိန့်ထုတ်တာလေးတွေလည်း တွေ့ရတယ်။ ဥပမာ တောကောင်အသားမရောင်းရတို့ ကျန်းမာရေးက လမ်းညွှန်ချက်တွေကို ပြန်ထုတ်တာတို့ သူတို့လုပ်ထားတာ ကျွန်တော်တွေ့ပါတယ်။ နောက် ရှမ်းရှေ့က ပြည်နယ်မှူးနဲ့ သူတို့တောက်လျှောက် ချိတ်ဆက်မှုရှိတယ်။ သူတို့လိုအပ်တာရှိရင်လည်း လုပ်ပေးဖို့ ဒီဘက်က အဆင်သင့်ရှိတယ်။ နောက် ငြိမ်းချမ်းရေးကော်မရှင်ကနေတစ်ဆင့်လည်း သူတို့လိုရင် ဒီဘက်က လိုက်လုပ်ပေးမယ်ဆိုတာ အကြောင်းကြားထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဘက်ကတော့ အမြဲတမ်း ချိတ်ဆက်မှုရှိပါတယ်

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ညနေပိုင်းအထိ ဓါတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေသည့် လားရှိုးပြည်သူ့ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာ (၂)ဦးရှိနေကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ် ဝင်ထွက်ဂိတ်များဖြစ်သည့် နမ့်ခမ်းမြို့နယ်အတွင်း နောင်တိန်းဂိတ်နှင့် မန်ဟောင်းဂိတ်၊ လောက်ကိုင်မြို့နယ်တွင် ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်၊ မူဆယ်မြို့နယ်အတွင်း နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ မန့်ဟီးရိုးဂိတ်၊ ကြူကုတ်ဂိတ်၊ မုံးကိုးဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များတွင် စစ်ဆေးနေသည့်အပြင် မြို့နယ်ချင်းဆက် ဂိတ်များဖြစ်သည့် တန့်ယန်းမြို့နယ်အတွင်း “ဝ”အထူးဒေသ ၂ မှလာသည့် တာကော်အက်၊ ဟိုပန်မြို့နယ်အတွင်း “ဝ”အထူးဒေသ ၂ မှလာသည့် မိုင်းမောဂိတ်နှင့် ဖောင်ဆိပ်ဂိတ်၊ ကွမ်းလုံမြို့နယ်တွင် ကောင်းခါးဂိတ်၊ ကွတ်ခိုင်မြို့နယ်တွင် OH ဂိတ်၊ နမ့်ဆန်မြို့နယ် မြို့ဝင်ဂိတ်နှင့် လားရှိုးလေဆိပ်တို့တွင်ပါ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လေဆိပ်၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတား၊ ကျိုင်းလပ်ရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားနှင့် ဝမ်ပုံစက်လှေဆိပ်၊ မိုင်းယန်းမြို့နယ်အတွင်း မိုင်းလားလမ်းရှိ ဆီလူးဂိတ်နှင့် မိုင်းပေါက်လမ်းရှိ မိုင်းဖျန်ဂိတ်၊ မိုင်းယောင်းမြို့နယ်အတွင်း မိုင်းယုဂိတ်၊ မိုင်းပျဉ်းမြို့နယ်အတွင်း မြို့ဝင်ဂိတ်၊ မိုင်းတုံမြို့နယ်အတွင်း ပုံပါကျင်ဂိတ်နှင့် ကျိုင်းတုံမြို့နယ်အတွင်း လေဆိပ်တို့တွင် စစ်ဆေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် အချို့လိုအပ်သော ပစ္စည်းများ ဈေးကွက်ပြတ်လပ်ခြင်းများနှင့်လည်း ကြုံနေရကြောင်း သိရသည်။

အခုက ပြဿနာက တစ်ချို့လိုအပ်တဲ့ပစ္စည်းလေးတွေက ဈေးကွက်မှာပြတ်နေတာလေးတွေတော့ တွေ့ရတယ်။ ဥပမာ Mask တို့ Handgel တို့ လိုသလောက်မရဘူး။ ဟိုနေ့ကဆို မိုင်းလားဘက်က Mask လိုအပ်တာ ရှိတယ်ဆိုတော့ ဒီဘက်ကနေ (၂၀၀၀)လောက် ပို့ပေးထားရတယ်။ သူတို့က နယ်စပ်ဘက် ပိုနီးတော့ ပို့ပေးထားတယ်။ ကာကွယ်ရေးအတွက် အဓိကကတော့ လက်ဆေးတာ၊ နှာစေး ချောင်းဆိုးတဲ့သူတွေက တခြားသူတွေကို ကူးစက်ခြင်းမရှိအောင် ကိုယ့်အသိစိတ်လေးနဲ့ကိုယ် နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်ပြီး နှာချေ ချောင်းဆိုးတာလေးတွေ လုပ်သင့်တယ်

ဟု လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်အသစ် COVID 19 ကူးစက်ခံရသူများမှာ တရုတ်နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်သေးသည့်အပြင် တရုတ်နိုင်ငံတွင်း ရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားလာခဲ့သူများနှင့်  တရုတ်နိုင်ငံမှ ခရီးသွားများ ရောက်ရှိသည့် အခြားနိုင်ငံများတွင်ပါ ပျံ့နှံ့လာသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့အရေးပေါ်အခြေအနေ ကြေညာထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့ ညနေအထိ တစ်ကမ္ဘာလုံးတွင် (၇၁၃၃၀)ဦးရှိသည့်အနက် (၁၇၇၅)ဦး သေဆုံးသွားပြီး (၁၀၆၁၀)ဦး ပြန်လည်ကျန်းမာလာကြောင်း တရုတ်ကျန်းမာရေးဌာန၏ စာရင်းများအရ သိရသည်။

Tachileik News Agency
သတင်း - အင်မိုင်ခ


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~