ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီးရှိ မြို့(၅)မြို့မှ ဟိုတယ် နှင့် မိုတယ် တာဝန်ရှိသူများကို အသိပညာပေး

ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီးရှိ မြို့(၅)မြို့မှ ဟိုတယ် နှင့် မိုတယ် တာဝန်ရှိသူများကို အသိပညာပေး
ဖေဖော်ဝါရီ 3, 2020
By Tachileik News Agency

ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီးရှိ မြို့(၅)မြို့မှ ဟိုတယ် နှင့် မိုတယ် တာဝန်ရှိသူများကို အသိပညာပေး

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဖြစ်ပွားနေသည့် 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များကို မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ တောင်တွင်းကြီးရှိ ဟိုတယ်၊ မိုတယ် မန်နေဂျာ များ နှင့် ဝန်ထမ်းများအား အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ(၃)ရက်နေ့ မွန်းလွဲပိုင်းတွင် City Star Motel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းအတွင်းသို့ ပုံမှန်ဆိုပါက ညအိပ်ညနေ တရုတ်ခရီးသွားများရောက်ရှိမှု နည်းပါးသော်လည်း ရွှေစက်တော်ဘုရားပွဲတော် ကာလဖြစ်၍ တရုတ်နိုင်ငံသားများနှင့် တရုတ်ပြည်မှပြန်လာသည့် မြန်မာနိုင်ငံ သားများပါ ရောက်ရှိလာနိုင်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပညာပေးဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဗဟိုအဆင့်က နယ်ရုံးခွဲတွေကို ညွှန်ကြားချက်အရ ဒီလို 2019 Novel Coronavirus အဆုတ်ရောင်ရောဂါနဲ့ပတ်သက်တဲ့ ပညာပေးဟောပြောပွဲကို ပြုလုပ် ဖြစ်တာပါ။ ဒီရောဂါက  ကျွန်တော်တို့ဆီက ဖြစ်တာမဟုတ်ပေမယ့် တရုတ်ခရီးသွားတွေနဲ့ တရုတ်နိုင်ငံက ပြန် ရောက်လာကြတဲ့မြန်မာနိုင်ငံသားတွေ က ရောက်ရှိလာကြမှာဖြစ်လို့ ဒီ ရောဂါကိုကာကွယ်နိုင်ရေးအတွက် ဟိုတယ် မိုတယ်တွေကို အသိပညာပေးဖို့ လိုအပ်လာတာကြောင့် မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန နဲ့ချိတ်ဆက်ပြီး လုပ်ဖြစ်တာပါ”

ဟု  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးလက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက 2019 Novel Coronavirus အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောသည်။

“ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနဲ့ ကျွန်တော်တို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပေါင်းစပ်ပြီးတော့ 2019 Novel Coronavirus အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး ဟိုတယ်၊ မိုတယ် လုပ်ငန်းနဲ့ ဆက်နွယ် ပတ်သက်သူတွေကို ဆောင်ရန်ရှောင်ရန်နဲ့ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောမှု အစီအစဉ်လေးလုပ်ဖြစ်တာပါ။ ဟိုတယ်၊မိုတယ်တွေမှာတည်းမယ့် နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းခရီး သွားတွေမှာ ရောဂါသံသယရှိနိုင်မယ့်သူတွေ ပါလာခဲ့ရင် ကျနော်တို့ကျန်းမာရေးဦးစီးဌာနနဲ့ ဘယ်လိုပေါင်း စပ်ဆောင်ရွက်ရမယ်ဆိုတာကိုလည်း အသိပေးပြောကြားသွားဖို့ဖြစ်ပါတယ်” 

ဟု  ဒေါက်တာခင်မောင် သန်း က ပြောသည်။
ဟိုတယ်၊ မိုတယ်ဝန်ထမ်းများအနေဖြင့် ဧည့်သည်များသုံးဆောင်ပြီးသော ပစ္စည်းများကို ကိုင်တွယ်ရှင်းလင်း ရာတွင် mask တပ်ဆင်ခြင်း၊ လက်အိတ်စွပ်ခြင်းတို့ ပြုလုပ်၍ ကိုင်တွယ်သင့်ကြောင်း၊ အိပ်ရာအိပ်ခင်း၊ အဝတ်အထည်နှင့် အသုံးအဆောင်များကို ကလိုရင်းဆေးရည်စိမ်၍ လျှော်ဖွပ်ခြင်းတို့ လုပ်ဆောင်ရန် အထူးမှာကြားကာ ပြည်သူများအနေဖြင့် mask ကိုဈေးကြီးပေး၍ တပ်ဆင်ခြင်းထက် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောရန်ကို တိုက်တွန်းပြောကြားသွားကြောင်းသိရပြီး လက်တလောအခြေအနေအရ မကွေးတိုင်းအတွင်းသို့ တရုတ်နိုင်ငံမှ ပြန်လာသူများ ရာနှင့်ချီ၍ ရောက်ရှိ နေပြီ ဖြစ်သော်လည်း ယနေ့အထိ ဝူဟန်အဆုတ်ရောင်ရောဂါသံသယရှိလူနာ မတွေ့ရှိရသေးကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~