လွှတ်တော်ကိုယ်စားလှယ် မောင်းလာသည့် မော်တော်ယာဉ်ဖြင့် တိုက်မိပြီး အမျိုးသားတစ်ဦး (၅)ရက်အကြာတွင် သေဆုံးသွား၍ အမှုဖွင့်ထား

လွှတ်တော်ကိုယ်စားလှယ် မောင်းလာသည့် မော်တော်ယာဉ်ဖြင့် တိုက်မိပြီး အမျိုးသားတစ်ဦး (၅)ရက်အကြာတွင် သေဆုံးသွား၍ အမှုဖွင့်ထား
နိုဝင်ဘာ 16, 2020
By Tachileik News Agency

 

လွှတ်တော်ကိုယ်စားလှယ် မောင်းလာသည့် မော်တော်ယာဉ်ဖြင့် တိုက်မိပြီး အမျိုးသားတစ်ဦး (၅)ရက်အကြာတွင် သေဆုံးသွား၍ အမှုဖွင့်ထား

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိမှုအတွင်း ပြင်ပပွန်းခြစ်ဒဏ်ရာသာရသဖြင့် ဆေးမကုဘဲနေခဲ့သူမှာ (၅)ရက်အကြာတွင် သေဆုံးသွားသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် သေဆုံးသွားသူတို့အား အမှုဖွင့်လိုက်ကြောင်း သိရသည်။
“မြို့နယ်ဆရာဝန်ကြီးရဲ့အကြောင်းကြားချက်အရ ဒီလိုဖြစ်တယ်ဆိုတာသိရတဲ့အတွက် ဦးစန်းကြူရော သေဆုံးသွားသူကိုပါ အမှုဖွင့်ထားပါတယ်။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ စုံစမ်းစစ်ဆေးနေဆဲမို့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ ရဲလုပ်ငန်းနဲ့အညီ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ငဖဲမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားမှ ဝင်ရောက်ယှဉ်ပြိုင်ရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပြီး လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့် ဦးစန်းကြူ မောင်းနှင်လာသော ကားနှင့် ဦးတင်မောင်ဝင်း မောင်းနှင်လာသော ဆိုင်ကယ်တို့သည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်တွင် ချောင်းဖြူကျေးရွာ၏ ရွာလယ်လမ်းကွေ့၌ မျက်နှာချင်းဆိုင် ချိတ်၍ တိုက်မိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုအတွင်း ဦးတင်မောင်ဝင်းမှာ ဝဲဘက်ပါး၌ ပွန်းခြစ်ဒဏ်ရာသာရရှိပြီး အခြားထိခိုက်ဒဏ်ရာမရှိသဖြင့် ဆေးကုသမှုမခံဘဲ နေထိုင်ခဲ့ရာမှ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် ဗိုက်အောင့်လာ၍ ငဖဲပြည်သူ့ဆေးရုံသို့အသွား လမ်းတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့်လူနာရှိကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ချက်အရ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူနှင့် သေဆုံးသွားသည့် ဦးတင်မောင်ဝင်းတို့အား ငဖဲမြို့မရဲစခန်းတွင် ယာဉ်(ပ)၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူမှာ လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~