တာချီလိတ်နှင့်အနီး လာအိုနိုင်ငံရှိ ကာစီနိုတွင် တရုတ်နိုင်ငံသား သံသယလူနာ(၂)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မဟုတ်

တာချီလိတ်နှင့်အနီး လာအိုနိုင်ငံရှိ ကာစီနိုတွင် တရုတ်နိုင်ငံသား သံသယလူနာ(၂)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မဟုတ်
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

တာချီလိတ်နှင့်အနီး လာအိုနိုင်ငံရှိ ကာစီနိုတွင် တရုတ်နိုင်ငံသား သံသယလူနာ(၂)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မဟုတ်

မြန်မာ - လာအို နယ်စပ်ဒေသ၊  လာအိုနိုင်ငံ ဘိုဘီယိုပြည်နယ် တုံဖိန့်မြို့နယ်ရှိ Kings Roman Casino တွင် ကိုရိုနာဗိုင်းရပ်စ်သံသယရှိသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦး၏ ဓါတ်ခွဲခန်းအဖြေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း မဟုတ်ကြောင်း အဖြေထွက်လာသော်လည်း အဆိုပါဒေသသို့ ဝင်ခွင့်ကို ယာယီ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

"အဲဒီလူနာတွေက (ကိုရိုနာ) ဗိုင်းရပ်စ်မရှိဘူး။ အဖြေထွက်လာပြီ။ ရိုးရိုးဖျားတာပဲ။ လာအိုနိုင်ငံမှာ ဗိုင်းရပ်စ်ရှိသူ မတွေ့ရသေးဘူး။ ဒါပေမဲ့ ဂိတ်တွေကတော့ ဒီလကုန်လောက်မှ ပြန်ဖွင့်မယ်လို့ ကြားတယ်။ သူတို့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားကိုတော့ ပြန်မဖွင့်သေးဘူး။ ဒေသခံတွေလည်း သွားလို့မရဘူး။ အစိုးရဝန်ထမ်းတွေတော့ လာလို့ရတယ်။ တစ်ခြားလူတွေတော့ ဝင်ခွင့် မပေးသေးဘူးပြောတယ်"

ဟု လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်ရှိ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်နေသည့်ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသား နှစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိ၍ သီးခြားစောင့်ကြည့်ကုသမှု ပြုလုပ်ခဲ့ပြီးနောက် မြန်မာလုပ်သားများ အဆိုပါဒေသသို့ ဝင်ရောက်ခွင့်တားမြစ်လိုက်သည့်အပြင် လာအိုဘက်ကမ်းရောက် မြန်မာလုပ်သားအများအပြားပါ နေရပ်ပြန်ဝင်လာကြခြင်းဖြစ်သည်။

တာချီလိတ်ခရိုင် ဝမ်ပုံဆိပ်ကမ်းဘက်မှ ကူးသွားသည့် မြန်မာနိုင်ငံသားများကို ဇန်နဝါရီလ (၂၆)ရက်နေ့မှစ၍ လာအိုဘက်ရှိ မိုင်းမောဆိပ်ကမ်းမှ ပြန်လွှတ်နေခဲ့ပြီး မြန်မာဘက်ကမ်းမှ ဝင်ရောက်သူများအား လက်မခံတော့ခြင်းဖြစ်သည်။

ယင်းအပြင် ဘိုကီယိုပြည်နယ်ရောက် မြန်မာလုပ်သားအများအပြား ဝမ်ပုံဆိပ်ကမ်းဘက်ပြန်ဝင်လာနေရာ မြန်မာဘက်မှ  ပူးပေါင်းအဖွဲ့ဖြင့်  ကျန်းမာရေးစစ်ဆေးလက်ခံနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် စတင်ဖြစ်ပွားပြီး နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေသည့် ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် လာအိုနိုင်ငံ ဘိုဘီယိုပြည်နယ်အတွင်း အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများမှာ မြန်မာနိုင်ငံ တာချီလိတ်သို့ ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ဝင်ရောက်လာကြရာတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ (၉)ရက်တာ ကာလအတွင်း (၁,၆၈၃)ဦး ရှိပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ၊ ထိုင်းနှင့် လာအို (၃)နိုင်ငံနယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကီယိုပြည်နယ်တွင် တရုတ် ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေး ဇုန်ဖေါ်ဆောင်လုပ်ကိုင်ခွင့် (၉၉)နှစ်အထိ ခွင့်ပြုထားသည့်နေရာ၌ ကာစီနိုလောင်းကစားရုံ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များဖြင့် လုပ်ငန်းလည်ပတ်နေကြခြင်း ဖြစ်သည်။

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~