မော်လမြိုင်တွင် မော်တော်ယာဉ်တစ်စီးနှင့်ပျောက်ဆုံးနေသည့် သားအဖကို ၁၉ ရက်အကြာတွင် အတ္ထရံမြစ်အတွင်းမှ ရေငုပ်ရှာဖွေ တွေ့ရှိ

မော်လမြိုင်တွင် မော်တော်ယာဉ်တစ်စီးနှင့်ပျောက်ဆုံးနေသည့် သားအဖကို ၁၉ ရက်အကြာတွင် အတ္ထရံမြစ်အတွင်းမှ ရေငုပ်ရှာဖွေ တွေ့ရှိ
ဒီဇင်ဘာ 24, 2019
By Tachileik News Agency
မော်လမြိုင်တွင် မော်တော်ယာဉ်တစ်စီးနှင့်ပျောက်ဆုံးနေသည့် သားအဖကို 
၁၉ ရက်အကြာတွင် အတ္ထရံမြစ်အတွင်းမှ ရေငုပ်ရှာဖွေ တွေ့ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ကတည်း မော်တော်ယာဉ်တစ်စီးနှင့် ပျောက်ဆုံးနေသည့် သားအဖ၏ ယာဉ် ကျသွားသည့်နေရာဟု သံသယရှိသည့် အတ္ထရံမြစ်အတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ရေငုပ်ရှာဖွေရာမှ တွေ့ရသဖြင့် ဆယ်ယူနေရာ နေ့လယ် (၁)နာရီ မိနစ်(၂၀)ဝန်းကျင်တွင် ဆယ်တင်နိုင်ပြီဖြစ်သည်။

“မနက် (၇)နာရီလောက်ကတည်းက ရှာတွေ့တာ။ ရဲတပ်ဖွဲ့က သူတို့ကားသွားတဲ့လမ်းကြောင်းတစ်လျှောက် CCTV မှတ်တမ်းတွေ လိုက်စစ်တာမှာ သူ့အိမ်ကိုကျော်သွားပြီး ဒီလမ်းဘက်မောင်းသွားတာ တွေ့ရတယ်။ ဒီဘက်လမ်းဆိုရင် ဒီနေရာပဲဖြစ်နိုင်တယ်ဆိုပြီးတော့ ရေငုပ်သမားတွေငှားပြီးရှာနေတာ။ မနက်က ရေငုပ်သမား ခေါင်းနဲ့ ကားနဲ့သွားထိမိတယ် ပြောတယ်”ဟု မော်တော်ယာဉ်အား ရေအောက်မှ ဆယ်တင်ရန်ကူညီနေသည့် မော်လမြိုင် Rescue လူမှုကူညီရေးအသင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတ္ထရံမြစ်အတွင်း ပက်လက်လန်၍ ကျနေသည့် မော်တော်ယာဉ်အား ဆယ်တင်ရာတွင် မော်တော်ယာဉ်၏ ရှေ့မှန်မှာလည်း ကွဲနေသည်ကိုတွေ့ရပြီး  ဆယ်ယူရရှိသည့် မော်တော်ယာဉ်ကို ဆေးရုံသို့ သယ်ဆောင်သွားနေပြီဖြစ်သည်။

မော်လမြိုင်မြို့၊ ဇေယျာသီရိနယ်မြေ၊ ဗြဟ္မစိုရ်ဆေးခန်းမှ ဒေါက်တာအေးဇော်ထွန်းသည် (၃)နှစ်ခွဲအရွယ် သားငယ်နှင့်အတူ ဒီဇင်ဘာလ (၅) ရက်နေ့ ည (၈) နာရီတွင် ဆေးခန်းပိတ်ပြီး မိတ်ဆွေများနှင့်အတူ ဖက်ခင်းလမ်းရှိ ဧရာဝတီစားသောက်ဆိုင်၌ တွေ့ဆုံပြီး နေအိမ်အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအေးဇော်ထွန်း၏ မော်တော်ယာဉ်သွားလာလမ်းတစ်လျှောက်ကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာ အဆိုပါ မော်တော်ယာဉ်ထွက်သွားသည့်မှတ်တမ်းမရှိသဖြင့် လမ်းတစ်လျှောက်  CCTV မှတ်တမ်းများကို လိုက်လံ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီ ဦးစီး၍ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့က အတ္ထရံမြစ် ညောင်ပင်ဆိပ်အတွင်း ရေငုပ်သမားများ ရှာဖွေတွေ့ရသည့် မော်တော်ယာဉ်ကို ဆယ်ယူခဲ့ကြခြင်းဖြစ်သည်။

ဒေါက်တာအေးဇော်ထွန်းတို့ သားအဖပျောက်ဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့ရှိ မြိုင်သာယာရဲစခန်းမှုး ရဲအုပ်မောင်မောင်သန်းနှင့်အဖွဲ့၊ မုပွန်နယ်မြေရဲစခန်းမှုး ရဲအုပ်အောင်နိုင်ဦးနှင့်အဖွဲ့၊ မော်လမြိုင်မြို့ခံ ကယ်ဆယ်ရေး အဖွဲ့များဖြစ်သော မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့၊ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့နှင့် ဒေါက်တာအေးဇော်ထွန်း၏ မိသားစုဝင်များ၊ လုပ်ဖေါ်ကိုင်ဖက်များက လိုက်လံရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စုံစမ်းရှာဖွေမှု အတွင်း ဒေါက်တာအေးဇော်ထွန်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သူများကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ဘားအံ နေရာအနှံ့အပြားနှင့် မြို့ဝင်မြို့ထွက်ရှိ နေအိမ်များ၊ ဆိုင်ခန်းများမှ CCTV မှတ်တမ်းများကိုပါ လိုက်လံစစ်ဆေးရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Bo Win
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~