စလင်းရေလှောင်တမံ ရေပိုလွှဲအား ကျပ်သန်း ၃၅၀၀ ကျော် သုံးစွဲ၍ မိုးရာသီမတိုင်မီ ပြီးစီးရန် ပြင်ဆင်နေ

စလင်းရေလှောင်တမံ ရေပိုလွှဲအား ကျပ်သန်း ၃၅၀၀ ကျော် သုံးစွဲ၍ မိုးရာသီမတိုင်မီ ပြီးစီးရန် ပြင်ဆင်နေ
ဇန်နဝါရီ 15, 2020
By Tachileik News Agency

စလင်းရေလှောင်တမံ ရေပိုလွှဲအား ကျပ်သန်း ၃၅၀၀ ကျော် သုံးစွဲ၍ မိုးရာသီမတိုင်မီ ပြီးစီးရန် ပြင်ဆင်နေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်၍ သီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွားနေသည့်အတွက် ပြည်ထောင်စုဘတ်ဂျက် ကျပ်သန်း (၃,၅၀၀)ကျော်ဖြင့် ပြုပြင်နေရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် လုပ်ငန်းလေးပုံတစ်ပုံ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း(၃,၅၀၀) ကျော် သုံးစွဲပြီး ပြင်ဆင်နေတာ (၂၅)ရာခိုင်နှုန်း ပြီးစီး နေပါပြီ။ မိုးကာလမတိုင်မီအချိန် ပြီးစီးအောင် ကြိုးစားလုပ်ဆောင်နေကြတာဖြစ်လို့ ပြီးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ” 

ဟု စလင်းမဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါရေလှောင်တမံမှ ဆည်ရေသောက်ဧရိယာ လယ်မြေဧကပေါင်း (၃၃,၀၀၀) အား ရေပေးဝေနေသော ပင်မရေပိုလွှဲကြမ်းခင်းအောက်ခြေပျက်စီးနေမှုကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ပြင်ဆင်ခဲ့ပြီး ယခုပြင်ဆင်မှုသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

 “ပြီးခဲ့တဲ့ မိုးကာလက ရေကျော်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့် လူနေအိမ်တွေထိခိုက်မှုမရှိခဲ့ပေမဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ရလို့ ဒီနှစ်တော့ မိုးတွင်းမရောက်ခင် ပြီးစီးစေချင်နေကြပါတယ်” 

ဟု တမံအနီးနေထိုင်သည့် ကျွန်ချောင်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

စလင်းရေလှောင်တမံမှာ ရေဆင်းဧရိယာ (၃၉၇)စတုရန်းမိုင်၊ ရေလှောင်တမံအမြင့် (၂၂၀)ပေ၊ အလျားပေ (၂,၇၀၀) ကျော်၊ ရေလှောင်တမံထိပ်ပြင်အကျယ် (၂၄)ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧက (၁၃၃,၀၀၀) ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း- ဖီးနစ်
ဓာတ်ပုံ-လွင်ငယ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~