တာချီလိတ်လေဆိပ်တွင် အဲသံလွင်လေယာဉ် ဆီယိုစိမ့်မှုဖြစ်ပွား

တာချီလိတ်လေဆိပ်တွင် အဲသံလွင်လေယာဉ် ဆီယိုစိမ့်မှုဖြစ်ပွား
နိုဝင်ဘာ 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေ (၄) နာရီ (၄၀) မိနစ်တွင် ပျံသန်းမည့် အဲသံလွင်လေယာဉ်မှာ တာချီလိတ်လေဆိပ်၌ ဆီယိုစိမ့်မှုဖြစ်ပွား၍ ပြင်ဆင်နေရပြီး ခရီးသည်များကို အစားထိုးလေယာဉ်ဖြင့် ည (၈)နာရီ (၄၅)မိနစ်၌ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“ အခုထိတော့ ပြင်နေဆဲပဲ။ ခရီးသည်တွေကိုတော့ ည (၈)နာရီ (၄၅)မိနစ်လောက်က ရန်ကုန်က အင်ဂျင်နီယာလာပို့တဲ့ လေယာဉ်နဲ့ ခရီးသည်တွေ ပြန်ခေါ်သွားပြီ”ဟု တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ည (၉)နာရီခွဲဝန်းကျင်တွင် ပြောသည်။

အဲသံလွင်လေကြောင်းလိုင်းမှ လေယာဉ်သည် ညနေ (၄)နာရီ မိနစ် (၄၀) အချိန်တွင် တာချီလိတ်-ဟဲဟိုး ခရီးသည် (၁၃) ဦးနှင့် တာချီလိတ် - ရန်ကုန် (၈) ဦးကို တင်ဆောင်ကာ လေယာဉ်ပြေးလမ်းမှ စတင်ထွက်ခွာရာ ညနေ(၄)နာရီ (၄၅)မိနစ်ခန့်အချိန်တွင် လေယာဉ်ဘယ်ဘက်ခြမ်း နံပါတ်(၁)အင်ဂျင် ဆီယိုစိမ့်မှုဖြစ်ပွားသောကြောင့် ဆက်လက်ပျံသန်းခြင်းမပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်ပေါ်မှ ခရီးသည်များအား ညနေ (၄)နာရီ (၅၅) မိနစ်အချိန်တွင် လေယာဉ်ပေါ်မှ ဆင်းသက်စေခဲ့ပြီး ညနေ (၈)နာရီ (၄၅)မိနစ်တွင် ရန်ကုန်လေဆိပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာများ ခေါ်ဆောင်လာသည့် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ညနေ (၄)နာရီ မိနစ်(၂၀)အချိန်တွင် မန္တလေး - တာချီလိတ် - ဟဲဟိုး - ရန်ကုန် ခရီးစဉ်အတိုင်း မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။

 ATR-72 အမျိုးအစားလေယာဉ်တွင် လေယာဉ်မှူး ဦးကျော်စိန်ဦး အပါအဝင် လေယာဉ်အမှုထမ်း (၅) ဦး၊ လေယာဉ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင် (၂)ဦးတို့နှင့်အတူ မန္တလေး - တာချီလိတ် ခရီးသည် (၄၇) ဦးကို တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဲသံလွင်၏ မန္တလေး - တာချီလိတ် - ဟဲဟိုး - ရန်ကုန်ခရီးစဉ်တွင် မြန်မာနိုင်ငံသားခရီးသွားများ လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်အဲဝေးလေကြောင်းလိုင်းအဖြစ် လေကြောင်းခရီးစဉ်များကို (၂၃)နှစ်ကျော်ပျံသန်းပြေးဆွဲနေရာမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် အဲသံလွင်လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းလဲထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net