မြန်မာ - ထိုင်း နှစ်နိုင်ငံ ပူးပေါင်းကာ သံဃာအပါး (၃၀၀၀၀) စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မန္တလေးမြို့တွင် ကျင်းပ

မြန်မာ - ထိုင်း နှစ်နိုင်ငံ ပူးပေါင်းကာ သံဃာအပါး (၃၀၀၀၀) စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မန္တလေးမြို့တွင် ကျင်းပ
ဒီဇင်ဘာ 8, 2019
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်းဒေးရှင်းတို့ ပူးပေါင်းစီစဉ်သည့် တတိယအကြိမ်မြောက် မြန်မာ - ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည် လေယာဉ်ကွင်း၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခုနှစ်တွင် မန္တလေးမြို့၌ တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့က သံဃာအပါး (၂၀,ဝဝဝ) ကိုလည်းကောင်း၊ ပထမအကြိမ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က သံဃာအပါး (၁၀,ဝဝဝ)ကိုလည်းကောင်း ပင့်ဆောင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ဓမ္မကာယဖောင်ဒေးရှင်း ( Dhammakaya Foundation ) သည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဘာသာရေးပြန့်ပွားရေး၊ နှစ်နိုင်ငံပြည်သူ ချစ်ကြည်ရေးအဖြစ် နှစ်နိုင်ငံဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်ကျင့်သီလဆိုင်ရာပွဲများကို နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကျင်းပလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် အကြီးမားဆုံးနှင့် အကြွယ်ဝဆုံး ကျောင်းတော်ဖြစ်သည့် ဓမ္မကာယကျောင်းတော်က ပြည်တွင်းပြည်ပ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဓမ္မကာယဖောင်ဒေးရှင်းကို ၁၉၈၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့မြောက်ပိုင်းတွင် တည်ရှိသည့် အဆိုပါကျောင်းတော်က ဖောင်ဒေးရှင်းအတွက် မြေဧက (၇၀၀)ကျော်တွင် တရားရိပ်သာများအပါအဝင် သာသနာပြန့်ပွားရေးလုပ်ငန်းများအတွက် အသုံးပြုထားခြင်း ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံများတွင်လည်း ပါဝင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားထိုင်ခြင်းကိုလည်း စုစည်းကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: ภาพดี ๆ ๐๗๒




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~