မကွေးမြသလွန်စေတီတော် ရွှေသင်္ကန်းကပ် အထိမ်းအမှတ် မီးပုံးပျံ အလုံး(၅၀၀) လွှတ်တင်

မကွေးမြသလွန်စေတီတော် ရွှေသင်္ကန်းကပ် အထိမ်းအမှတ် မီးပုံးပျံ အလုံး(၅၀၀) လွှတ်တင်
ဇန်နဝါရီ 18, 2020
By Tachileik News Agency
မကွေးမြသလွန်စေတီတော် ရွှေသင်္ကန်းကပ် အထိမ်းအမှတ် မီးပုံးပျံ အလုံး(၅၀၀) လွှတ်တင်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြသလွန်စေတီကို ကျပ်သိန်း (၆,၀၀၀)ဝန်းကျင်သုံးစွဲ၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဗုဒ္ဓဘိသေကအနေဇာတင် အခမ်းအနားဖြင့် တင်လှူခြင်း အထိမ်းအမှတ်အဖြစ် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့ ညပိုင်းတွင် မီးပုံးပျံ အလုံး(၅၀၀) လွှတ်တင်ကြသည်။

ဗုဒ္ဓဝေယျာဝစ္စအသင်း(၁၄)သင်းနှင့် ဘုရားဖူးလာသူများက မီးပုံးပျံအလုံး (၅၀၀)အား မြသလွန်စေတီ၏ အနောက်ဘက်ရှိ ဧရာဝတီမြစ်သဲသောင်ကျွန်းပေါ်မှ လွှတ်တင်ကြခြင်းဖြစ်သည်။

“ဒီလို မီးပုံးပျံလွှတ်တင်ပူဇော်တာဟာ ပထမဆုံးအကြိမ်ပါ။ ဗုဒ္ဓဝေယျာဝစ္စအသင်းက လူငယ်တွေနဲ့ စေတနာ ရှင်တွေထည့်ဝင်တဲ့အလှူငွေနဲ့ မီးပုံးပျံလွှတ်တင်ပူဇော်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အလုံး (၅၀၀)လွှတ်တင်မှာ ဖြစ်လို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအနေနဲ့ မကွေးမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်များနဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေ မကွေးမြို့တွင်းမှာ ဖြန့်ခွဲနေရာယူပေးကြပါတယ်”

ဟု မြသလွန်စေတီတော်ဂေါပက အဖွဲ့ ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြသလွန်စေတီကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ခြင်း၊ စိန်ဖူးတော်တင်ခြင်းတို့အတွက် စေတီဘဏ္ဍာတော်ငွေ ကျပ် သိန်း (၆,၀၀၀) ခန့် သုံးစွဲခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့အထိ စေတီဘဏ္ဍာတော်ငွေမှာ ခန့်မှန်း စာရင်းအရ ကျပ် သိန်း(၅၀,၀၀၀)ဝန်းကျင်ရှိကြောင်း မြသလွန်ဂေါပက ဒုဥက္ကဌ ဦးအေးကျော်ထံမှ သိရသည်။

မြသလွန်စေတီကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့မှစ၍ ကပ်လှူနေခြင်းဖြစ်ပြီး စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူခြင်းကို ဇန်နဝါရီလ(၁၇)ရက်နေ့တွင် သံဃာတော် (၁၀၈)ပါးပင့်ဖိတ်ကာ ဗုဒ္ဓဘိသေကအနေဇာတင် အခမ်းအနားဖြင့် ကျင်းပပူဇော်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~