မြန်မာ-လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ဒေသထွက်ကုန် ရာဘာအတွက် ကုန်ချောစက်ရုံမရှိ၍ ကုန်ကြမ်းသာ တင်ပို့နေရ

မြန်မာ-လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ဒေသထွက်ကုန် ရာဘာအတွက် ကုန်ချောစက်ရုံမရှိ၍ ကုန်ကြမ်းသာ တင်ပို့နေရ
ဇန်နဝါရီ 22, 2020
By Tachileik News Agency

မြန်မာ-လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ဒေသထွက်ကုန် ရာဘာအတွက်
ကုန်ချောစက်ရုံ မရှိ၍ ကုန်ကြမ်းသာ တင်ပို့နေရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မြန်မာ-လာအို နယ်စပ်ဒေသဖြစ်သည့် ကျိုင်းလပ်မြို့ တွင် ဒေသတွင်း ရာဘာကုန်ကြမ်း အလုံအလောက်ရှိပြီး စက်ရုံတည်ဆောက်ရန် အခြေခံလိုအပ်ချက်များ ပြည့်စုံသော်လည်း ရင်းနှီးမြုပ်နှံသူမရှိ၍ တရုတ်ဈေးကွက်သို့ ကုန်ကြမ်းကိုသာ တင်ပို့နေရကြောင်း သိရသည်။

"ကျွန်တော်တို့ ကျိုင်းလပ်မှာ ရာဘာက အဓိကစိုက်ပျိုးတဲ့ ထုတ်ကုန်တစ်ခု ဖြစ်နေတယ်။ လာအိုနိုင်ငံကို ပို့တာ မဟုတ်ဘဲ တရုတ်နိုင်ငံကို ပို့တာဆိုတော့ ဒီဘက်က သွားရ လာရတာ ကုန်ကျစရိတ်ပိုများတယ်။ ဒီကထွက်တဲ့ ရာဘာတွေကို မယ်ယန်းမှာ ဂျူတီဆောင်ပြီးတော့ မိုင်းယောင်းဘက်က ထွက်တယ်။ ကျွန်တော်တို့က ကုန်ကြမ်းပဲ ထွက်တယ်။ ကိုယ့်နိုင်ငံမှာပဲ ကုန်ချောအနေနဲ့ စက်ရုံတည်ထောင်ပြီးတော့မှ ပို့မယ်ဆိုရင် ဒီဒေသအနေနဲ့ အမြတ်အစွန်းလည်း ရနိုင်တယ်။ ဒေသလည်း ဖွံ့ဖြိုးလာမှာပေါ့"

ဟု ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ကျိုင်းလပ်မြို့တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီး (၂၄) နာရီရရှိသည့်အပြင် မြေနေရာအလွယ်တကူ ရရှိနိုင်သော်လည်း စက်ရုံတည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကျိုင်းလပ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၆) သန်းအကုန်အကျခံ တည်ဆောက်ခဲ့သည့် မြန်မာ - လာအို ချစ်ကြည်ရေးတံတားကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေသဖြင့် ယခုအချိန်ထိ တရားဝင်ဖြတ်သန်းခွင့်မရသေးဘဲဖြစ်နေသည်။

ဒေသခံများသည် ကုန်သွယ်ရေးအတွက် မဲခေါင်မြစ်အတွင်း စက်လှေများဖြင့်သာ တစ်ပိုင်တနိုင်ကုန်သွယ်မှု ပြုလုပ်နေကြဆဲဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~