တာချီလိတ်မြို့တွင် ထိုင်းမူးယစ်တရားခံပြေး တစ်ဦး နှင့် မြန်မာနိုင်ငံသား (၅)ဦးကို မူးယစ်ဆေးဝါးဖြင့် ဖမ်းမိသော်လည်း ထိုင်းတစ်ဦးတည်းကိုသာ ဖမ်းမိကြောင်း သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင် ထိုင်းမူးယစ်တရားခံပြေး တစ်ဦး နှင့် မြန်မာနိုင်ငံသား (၅)ဦးကို မူးယစ်ဆေးဝါးဖြင့် ဖမ်းမိသော်လည်း ထိုင်းတစ်ဦးတည်းကိုသာ ဖမ်းမိကြောင်း သတင်းထုတ်ပြန်
စက်တင်ဘာ 13, 2022 | မူးယစ်ဆေး| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရှိ နေအိမ်နှစ်အိမ်တွင် ထိုင်းနိုင်ငံသား(၁)ဦးနှင့် မြန်မာနိုင်ငံသား (၅)ဦးကို လက်နက်နှင့် မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသော်လည်း ဖမ်းဆီးရေးအဖွဲ့က ထိုင်းနိုင်ငံသား(၁)ဦးကိုသာ လက်နက်နှင့်မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိကြောင်း စက်တင်ဘာလ(၁၂)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 

ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရှိ နေအိမ်နှစ်အိမ်တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းက စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ ထိုင်းမူးယစ်တရားခံပြေးဖြစ်သူ ထိုင်းနိုင်ငံသား နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန်(ခ)ဖုန်ဆပ်  အပါအဝင် မြန်မာနိုင်ငံသားများဖြစ်သည့် အားမူ၊ လော်တောင်း၊ ကိုမဲ၊ အားဆော် နှင့် အားဆို့ စုစုပေါင်း (၆)ဦးကို တွေ့ရှိ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က နေအိမ်အတွင်း ဝင်ရောက် ရှာဖွေရာမှ ခြောက်လုံးပြူး သေနတ်(၁)လက် နှင့် 9MM ပစ္စတို သေနတ်(၁)လက် အပါအဝင် ကျည်(၁၃)တောင့် နှင့် ကျည်အိမ် (၃)ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၉၆,၀၀၀) နှင့် ကတ်တမင်းအမှုန့် (၃)ကီလိုကိုလည်း ဆက်လက် တွေ့ရှိသည်ဟု သိရသည်။

ဆက်လက်၍ အဆိုပါ ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိသည့် နေအိမ်၏ ဘေးရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးသုံးစွဲနေသည့်  မြန်မာနိုင်ငံသား (၅)ဦးကို တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၂၀၀)ကိုလည်း တွေ့ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် (၆)ဦးအနက် ထိုင်းနိုင်ငံသား နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန်(ခ)ဖုန်ဆပ်ကို  စစ်ဗျူဟာအဖွဲ့ အခြေချ (တာချီလိတ်)တပ်တွင် ဖမ်းဆီးစစ်ဆေးပြီး ကျန်မြန်မာနိုင်ငံသား (၅)ဦးကိုတော့ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံးတွင် ညှိနှိုင်းစစ်ဆေးနေကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်ထံက သိရသည်။

ဖမ်းမိသည့် ထိုင်းနိုင်ငံသားမှာ တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သူဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံ ဝရနဂရသီရိအယုဓျာခရိုင်တရားရုံးက ဖမ်းဝရမ်းအမှတ် ၃၁၁/၂၆၄ ဖြင့် ဝရမ်းထုတ်ထားသည့် မူးယစ်တရားခံပြေး တစ်ဦးဖြစ်ကြောင်းသိရသည်။ 

တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား နှင့် တရုတ်နိုင်ငံသား အများအပြားရှိနေပြီး ၎င်းတို့အား ဖမ်းမိသည့် အချိန်တိုင်းတွင် အရေးယူနိုင်ရေး ဆောင်ရွက်စဉ်တိုင်း စစ်ဗျူဟာမှူး နှင့် စရဖ(စရတ) ၏ အကြီးအကဲ နာမည်များကို အသုံးပြုပြီး ပြန်လည် လွှတ်မြောက်သွားလေ့ရှိသည်ဟု အမည်မဖော်လိုသည့် လဝက ဝန်ထမ်းတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား အချို့မှာ ထိုင်းနိုင်ငံဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာသည့် မူးယစ်တရားခံပြေးများဖြစ်ကြပြီး တရုတ်နိုင်ငံသားများမှာ လောင်းကစားလုပ်ငန်းနှင့်ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရောက်ရှိနေကြခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် တရားဝင်ရောက်ရှိလာသူများလည်း ရှိသလို တရားမဝင် ရောက်ရှိလာသူများလည်းရှိကြောင်း သိရသည်။