ဝူဟန်ဂယက်ကြောင့် အလုပ်ပိတ်၍ လာအိုနိုင်ငံရောက် မြန်မာလုပ်သားများ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ (၂)ရက်အတွင်း (၆၈၀)ကျော် ပြန်လာ

ဝူဟန်ဂယက်ကြောင့် အလုပ်ပိတ်၍ လာအိုနိုင်ငံရောက် မြန်မာလုပ်သားများ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ (၂)ရက်အတွင်း (၆၈၀)ကျော် ပြန်လာ
ဇန်နဝါရီ 29, 2020
By Tachileik News Agency

ဝူဟန်ဂယက်ကြောင့် အလုပ်ပိတ်၍ လာအိုနိုင်ငံရောက်  မြန်မာလုပ်သားများ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ (၂)ရက်အတွင်း (၆၈၀)ကျော် ပြန်လာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းတွင် တစ်ဘက်နိုင်ငံ လာအိုမှ ဝင်လာသူများအား ကျန်းမာရေးဦးစီးဌာနက ဝူဟန်အဆုတ်ရောင် သံသယဖြစ်ဖွယ်များကို စစ်ဆေး နေရာ နှစ်ရက်တာအတွင်း လူဦးရေစုစုပေါင်း (၆၈၉) ဦးကို စစ်ဆေးထားပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာလုပ်သားများ အလုပ်လုပ် ကိုင်နေသည့် ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိ၍ ကာစီနိုဝန်းအတွင်း အဝင်အထွက် တင်းကြပ်စိစစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ပြန်ခွင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

" လာအိုဘက်မှာ အလုပ်တွေ တစ်လလောက် နားမယ်လို့ ပြောလို့ ပြန်လာကြတာ။ ဒီဖက်ကတော့ လက်မှတ်လုပ်ပေးတယ်။ ဟိုဘက်က အဝင်ကိုမခံတော့တာ။ အခုဟာက အပြန်ပဲရှိတယ်” 

ဟု မိုင်ဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဦးရဲမြင့်ဦးက ပြောသည်။

ဝူဟန်အဆုတ်ရောင်ရောဂါသံသယ စစ်ဆေးခြင်းကို ဝမ်ပုံဆိပ်ကမ်းရှိ လူဝင်မူကြီးကြပ်ရေးဌာနခွဲ(၆)ရုံးတွင် ဝမ်ပုံတိုက်နယ်ဆရာဝန် ဒေါက်တာ စိုင်းစူးဝန်းကျောက် ဦးစီးသည့် ကျန်းမာရေးအဖွဲ့နှင့် မိုင်ဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးနေရာ ဇန်နဝါရီလ (၂၈)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား(၅၅)ဦးနှင့် အမျိုးသမီး (၂၉)ဦးနှင့်  ဇန်နဝါရီလ (၂၉)ရက်နေ့တွင် မြန်မာနိုင်ငံသား အမျိုးသား (၃၅၇)ဦး၊ အမျိုးသမီး (၂၄၄)ဦး၊ လာအိုနိုင်ငံသား အမျိုးသား (၂)ဦး တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝမ်ပုံဆိပ်ကမ်းတွင် နှစ်ရက်တာ စစ်ဆေးမှုအတွင်း ထူးခြားမှု မတွေ့ရကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~