တာချီလိတ်မြို့တွင် အလုပ်ရှင်နှင့်အလုပ်သမား နှစ်သစ်ကူးညက စကားများ ရန်ဖြစ်ရာမှ လူသတ်မှုအထိ ဖြစ်ပွား

တာချီလိတ်မြို့တွင် အလုပ်ရှင်နှင့်အလုပ်သမား နှစ်သစ်ကူးညက စကားများ ရန်ဖြစ်ရာမှ လူသတ်မှုအထိ ဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု မယ့်ဖုံးလုံကျေးရွာတွင် နှစ်သစ်ကူးညက အလုပ်ရှင်နှင့်အလုပ်သမား စကားများရန်ဖြစ်ရာမှ အလုပ်ရှင်မှာ ဓါးထိုးခံရ၍  ဇန်နဝါရီလ(၁)ရက်နေ့က ဆေးရုံတွင် သေဆုံးသွားသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု မယ့်ဖုံးလုံကျေးရွာတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ မရောက်မီ နာရီပိုင်းအလိုက အုတ်စက်ပိုင်ရှင် ဦးမြင့်ဝင်း နှင့် အုတ်စက်လုပ်သားဖြစ်သူ ဇော်မျိုးထက်(ခ)မုန့်လုံးဆိုသူတို့ စကားများရန်ဖြစ်ရာမှ ဇော်မျိုးထက်သည် ဓါးဖြင့်ထိုးသဖြင့် ဦးမြင့်ဝင်း၏ လည်ပင်းတွင် ဓါးဒဏ်ရာ (၁)ချက်၊ ပါးစပ်(နှုတ်ခမ်း)တွင် ဓါးဒဏ်ရာ(၁)ချက်တို့ရရှိသွားပြီး တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါးကုသနေစဉ် နံနက်ပိုင်း၌ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက်(၄၈)နှစ်ရှိပြီဖြစ်ပြီး ဓါးဖြင့်ထိုးသည်ဟုဆိုသည့် အသက်(၂၁)နှစ်အရွယ် ဇော်မျိုးထက်(ခ) မုန့်လုံးအား ဖမ်းဆီးရမိထားပြီး စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင် (ပ) ၁၈၇/ ၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားရာမှ ဒဏ်ရာရရှိထားသူမှာ နံနက်ပိုင်းတွင် သေဆုံးသွားသည့်အတွက် လူသတ်မှုအဖြစ် ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့်ထားကြောင်း သိရသည်။



#TachileikNewsAgency

Photo: ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၊ ကရုဏာရှင်ပရဟိတအသင်း မိုင်းကိုး