ရှမ်းပြည်နယ်တွင်း တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများကို နေရပ်လိပ်စာရယူ၍ ဆက်လက်စောင့်ကြည့်မှု လုပ်ဆောင်နေ

ရှမ်းပြည်နယ်တွင်း တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများကို နေရပ်လိပ်စာရယူ၍ ဆက်လက်စောင့်ကြည့်မှု လုပ်ဆောင်နေ
ဇန်နဝါရီ 30, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများကို နေရပ်လိပ်စာရယူ၍ ဆက်လက်စောင့်ကြည့်မှု လုပ်ဆောင်နေ

ရှမ်းပြည်နယ်အတွင်း နယ်စပ်ဂိတ်များမှ ဝင်ထွက်သူများအား ဝူဟန်သံသယ စောင့်ကြည့်စစ်ဆေးခြင်းနှင့် တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများကို ဆက်လက်စောင့်ကြည့်ရန် နေရပ်လိပ်စာရယူခြင်းများ ဆောင်ရွက် ထားပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့အထိ သံသယလူနာ မတွေ့ရသေးကြောင်း သိရသည်။

“တန့်ယန်းဘက် တာကော်ဂိတ်မှာ မိုင်းလားဘက်က ပြန်လာတဲ့အဖွဲ့တွေကို တန့်ယန်း ကျန်းမာရေးအဖွဲ့က စစ်ဆေးနေတယ်။ နောက် သူတို့ ခရီးသွားလာခဲ့တဲ့မှတ်တမ်း ယူတယ်ပေါ့။ နောက် သူတို့ရဲ့ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ယူတယ်။ သူတို့မှာ ဒီလိုလက္ခဏာတွေ ပြလာရင် ဆက်သွယ်ပါဆိုတာမျိုး လုပ်နေတယ်။ ဒီထဲကမှ အဖျားရှိတယ်၊ ကိုယ်အပူချိန်မြင့်တဲ့လူတွေ ပါလာရင်တော့ သီးသန့်ကြပ်မတ်ကုသခန်းမှာ စောင့်ကြည့် စစ်ဆေးတာ လုပ်မှာပေါ့”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား (၁၂၈) ဦးကို မြန်မာကောင်စစ်ဝန်ရုံး အကူအညီဖြင့် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်ပို့ဆောင်ထားပြီး မူဆယ်နယ်စပ်ဂိတ်တွင် နေ့စဉ်ပုံမှန်ဝင်ထွက်မှုများ ရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း နယ်စပ်ဂိတ်အသီးသီးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးမှုများနှင့် ပတ်သက်သည့် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ (၂၃)ရက်နေ့တွင် ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကတ်ဘိနက်မှာ ဝူဟန်နဲ့ပတ်သက်တာလုပ်ဖို့ ကျွန်တော် တင်လိုက်တယ်။ တင်ပြီးတော့ ကျွန်တော်တို့ အဓိကကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌရယ်၊ တာချီလိတ်နဲ့ မူဆယ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌတွေရယ်၊ ပြည်နယ်ကျန်းမာ လားရှိုးနဲ့ ကျိုင်းတုံရယ်ကို ကျွန်တော်တို့က စာထွက်လိုက်တယ်။ ဝူဟန်နဲ့ပတ်သက်တဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပါလို့ ပြောလိုက်တာပေါ့။ အဓိကကတော့ နမ့်ခမ်းမှာက နယ်စပ်ဂိတ် (၂)ခုရှိတယ်။ မူဆယ်မှာက (၄)ဂိတ်ရှိတယ်။ ကိုးကန့်ဒေသမှာ (၂)ဂိတ်ပေါ့။ ရန်လုံကျိုင်းနဲ့ ချင်းရွှေဟော်နဲ့။ နောက် တာချီလိတ်ဂိတ်တွေရှိမယ်။ “ဝ”ဒေသကတော့ ပန်ဆန်းတို့ ဘာတို့ရှိတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့ သာမိုမီတာနဲ့ စစ်ပြီး (၃၈)ဒီဂရီအထက်ရှိမယ်ဆိုရင် ခရီးသွားလာဖူးတာမေးမယ်။ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေရှိလား စစ်ဆေးမယ်။ အဲဒါတွေရှိရင် ဆေးရုံကိုပို့ပြီး သီးသန့်ဆောင်တွေမှာ ထားပြီးစောင့်ကြည့်စစ်ဆေးမယ်ဆိုတာတွေ လုပ်ထားပါတယ်”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ်အတွင်း ညောင်ရွှေမှ ဝမ်းပျက်ဝမ်းလျှောဖြစ်သည့် နိုင်ငံခြားသား ခရီးသွားတစ်ဦးမှာ ဝူဟန်သို့ သွားလာဖူးသဖြင့် စောင့်ကြည့်စစ်ဆေးခဲ့မှုနှင့် မူဆယ်တွင် တရုတ်နိုင်ငံမှ ပြန်လာပြီး ဖျားနာသူနှစ်ဦးတို့ကို စောင့်ကြည့်စစ်ဆေးခဲ့မှုများ လုပ်ဆောင်ခဲ့သော်လည်း သံသယဖြစ်ဖွယ်မရှိဘဲ ပြန်လည်ကျန်းမာခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~