ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လေပြင်းတိုက်ကာ မိုးသီးကျ၍ အဆောက်အဦများ ပျက်စီးပြီး ပြည်ထောင်စုလမ်းမကြီးတွင် သစ်ပင်များလဲပြို ပိတ်ဆို့

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လေပြင်းတိုက်ကာ မိုးသီးကျ၍ အဆောက်အဦများ ပျက်စီးပြီး ပြည်ထောင်စုလမ်းမကြီးတွင် သစ်ပင်များလဲပြို ပိတ်ဆို့
ဇန်နဝါရီ 2, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လေပြင်းတိုက်ကာ မိုးသီးကျ၍ အဆောက်အဦများ ပျက်စီးပြီး ပြည်ထောင်စုလမ်းမကြီးတွင် သစ်ပင်များလဲပြို ပိတ်ဆို့

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသီးကျမှုတို့ကြောင့် သီပေါမြို့နှင့် ကုန်းသာကျေးရွာတို့တွင် အဆောက်အဦများ ပျက်စီးခြင်းနှင့် သစ်ပင်များလဲကျ၍ ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့ကာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားနေသည်။

"ကုန်းသာကျေးရွာမှာကတော့ ကျေးလက်ဆေးပေးခန်း ခေါင်မိုးလန်ပြီး ပျက်စီးသွားတယ်။ ပြည်ထောင်စုလမ်းမကြီးဘေးက သစ်သီးအရောင်းဆိုင် တော်တော်များများ ပျက်စီးတယ်၊ သစ်ပင်တွေ ကျိုးကျပြီးတော့ ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေလို့ ရှင်းလင်း တာတွေလုပ်နေတာ တွေ့တယ်။ ဒီမနက်တော့ ယာဉ်ကြောတစ်ခုစာ ပွင့်သွားပြီ" 

ဟု ပြည်ထောင်စုလမ်းပိုင်းမှ ဖြတ်သန်းလာသည့် ကိုသန့်နေလတ်က တာချီလိတ်သတင်းအေဂျင်စီသို့  ဇန်နဝါရီလ (၂)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်တွင် ပြောသည်။

သီပေါမြို့နှင့် (၁၀) မိုင်ခန့်ဝေးသည့် သီပေါ-လားရှိုး လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကုန်းသာ ကျေးရွာနှင့် သီပေါမြို့တို့တွင် နေအိမ်၊ ဆေးပေးခန်း၊ ဈေးဆိုင် အဆောက်အဦများ ပျက်စီးခြင်း၊ နေအိမ်ပေါ်သို့ သစ်ပင်လဲကျခြင်းများ၊ ပြည်ထောင်စုလမ်းမကြီးတွင် သစ်ပင်များလဲ၍ ပိတ်ဆို့မှုများဖြစ်နေ၍ လူမှုကူညီရေးအသင်း၊ မီးသတ်တပ်ဖွဲ့၊ Oriental Highway Co.,Ltd တို့က ဇန်နဝါရီလ (၂)ရက်နေ့တွင် ရှင်းလင်းရေးလုပ်ဆောင်နေကြကြောင်း သိရသည်။

"နေအိမ်ပေါ်သစ်ပင်ပိလို့ အနီးနားက ဒဏ်ရာရသူအချို့တော့ ရှိပါတယ်။ ပွန်းပဲ့တာ၊ မူးဝေတာလောက်ပဲရှိ ပါတယ်။ မနေ့ညကနေ အခု (၂) ရက်နေ့မနက်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ပေးနေရတုန်းပဲ ရှိပါသေးတယ်။ အသေအပျောက်တော့မရှိပါဘူး။ နေအိမ်မှန်တွေကွဲတာ၊ သွပ်မိုးတွေပေါက်တာ၊ သွပ်တွေလန်တာ အဲဒီလိုတွေ အဖြစ်များတယ်။ မိုးသီးကျတာကတော့ စံချိန်တင်ပဲလို့ ပြောလို့ရတယ်" 

ဟု နယ်စည်းမခြားလူမှုကူညီရေး အသင်းမှ ကိုမျိုး(သီပေါ) က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေပြင်းတိုက်၍ မိုးသီးကျမှုတို့ကြောင့် သီပေါနှင့် ကျောက်မဲမြို့များတွင် ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်ထိ လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်
ဓါတ်ပုံ - သန့်နေလတ်၊ အေးငြိမ်းမေ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~