တာချီလိတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့မအားကစားကွင်းအတွင်း ရိုးရာအားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပမည်

တာချီလိတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့မအားကစားကွင်းအတွင်း ရိုးရာအားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပမည်
ဇန်နဝါရီ 2, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့မအားကစားကွင်းအတွင်း ရိုးရာအားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပမည်

၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘုရင့်နောင်ရင်ပြင်၌ နိုင်ငံတော်အလံ လွှင့်တင်ခြင်း အခမ်းအနားနှင့် အများပြည်သူအတွက် ရိုးရာအားကစားနည်းမျိုးစုံပြိုင်ပွဲများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နံနက်က စ၍ ကျင်းပမည်ဖြစ်သည်။

“လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအတွက် ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ဇန်နဝါရီလ (၃)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်မှာ အစမ်းလေ့ကျင့်ပါမယ်။ ဇန်နဝါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀)မိနစ်မှာ အလံတင်အခမ်းအနား ကျင်းပပါမယ်။ မနက် (၇)နာရီခွဲမှာတော့ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားပါမယ်။ သဝဏ်လွှာဖတ်ကြားခြင်းကိုတော့ ရာသီဥတုအခြေအနေကောင်းရင် ဘုရင့်နောင် ရင်ပြင်မှာပဲ ဖတ်ကြားမှာပါ။ မိုးရွာရင်တော့ အောင်မြတ်ခန်းမမှာ လုပ်ရမှာပါ”

ဟု တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အများပြည်သူအတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၈)နာရီမှ နေ့လယ် (၁၂)နာရီအထိ မြို့မအားကစားကွင်း၌ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လူကြီးတွေအတွက် ခေါင်းအုံးရိုက်တို့ ချောတိုင်တို့ ကလေးတွေအတွက်ဆို ငှက်ပျောတုံးတက်တို့ စတဲ့ ရိုးရာအားကစားနည်း (၁၀)မျိုးထက်မနည်း စီစဉ်ထားပါတယ်။ အဲဒီနေ့မှာ မြို့မအားကစားကွင်းမှာ မည်သူမဆို ပါဝင် ဆင်နွှဲလို့ရပါတယ်”

ဟု တာချီလိတ်မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရိုးရာအားကစားပြိုင်ပွဲများတွင် အသက်အရွယ်၊ ကျားမ မရွေးပါဝင်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး လွန်ဆွဲ (ကျား၊မ)၊ ငှက်ပျောတုံးတက်၊ ခေါင်းအုံးရိုက်(ကျား၊မ)၊ ချောတိုင်တက် စသည့် ရိုးရာအားကစားနည်းပေါင်း (၁၀)မျိုးကျော်ကို စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~