တာချီလိတ်မြို့နယ်အတွင်း တပ်သိမ်းမြေယာအမှုများအပါအဝင် မြေယာပြဿနာ (၂၁) မှုကို စစ်ဆေး

တာချီလိတ်မြို့နယ်အတွင်း တပ်သိမ်းမြေယာအမှုများအပါအဝင် မြေယာပြဿနာ (၂၁) မှုကို စစ်ဆေး
ဇန်နဝါရီ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း တပ်သိမ်းမြေယာအမှုများအပါအဝင် မြေယာပြဿနာ (၂၁) မှုကို စစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်မြို့နယ်အတွင်း တပ်မတော်မှ သိမ်းဆည်းမြေများ ပြန်လည် စွန့်လွှတ်ပေးရေးနှင့် ပြန်လည်စွန့်လွှတ်ထားသည့်မြေများ မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းရေး အပါအဝင် မြေယာပြဿနာ (၂၁) မှုကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့က စစ်ဆေးသည်။

"အမှုတွဲအနေနဲ့ (၂၁) မှုကို စစ်ဆေးဆောင်ရွက်တယ်။ ကော်မတီဝင်တွေရဲ့ အများဆန္ဒနဲ့ဆုံးဖြတ်ပြီးတော့ ခရိုင်ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာ တစ်ချို့ လိုအပ်ချက်ရှိတဲ့ကိစ္စတွေကိုလည်း ရပ်/ကျေးတွေကို ပြန်လည်စစ်ဆေးဆောင်ရွက်ဖို့ ချထားပေးပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တင်ပြထားသည့် မြေယာမှုများဖြစ်သည့် ဆေခမ်းရပ်ကွက်မှ (၅) မှု၊ ဖန်မင်ကျေးရွာအုပ်စုမှ (၄) မှု၊ လွယ်တော်ခမ်းကျေးရွာအုပ်စုမှ (၁) မှု၊ ဝမ်းလုံးကျေးရွာအုပ်စုမှ (၂)မှု၊ ဆန်ဆိုင်း(က)ရပ်ကွက်မှ (၁) မှု၊ ပုန်းထွန်ရပ်ကွက်မှ (၂) မှု၊ ပါဆတ်ရပ်ကွက်မှ (၂) မှု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ (၁) မှု၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ (၁) မှု၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုမှ (၂) မှုတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပြည်နယ် မြေပြန်စစ်နဲ့ ခရိုင်မြေပြန်စစ်ရဲ့ လမ်းညွှန်ချက်အတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူတူ ကွင်းဆင်းပြီးတော့ မူဝါဒ (၅၂) ချက်နဲ့ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့တဲ့နေရာတွေ၊ စီမံကိန်းလည်း အသုံးမပြုတော့တဲ့ နေရာတွေ ပြည်သူတွေကို အဓိကထား ပြန်စွန့်လွှတ်ဖို့အတွက် ကျွန်တော်တို့ ကော်မတီက စစ်ဆေး ဆောင်ရွက်ပေးနေပါတယ်။ တစ်ချို့အသုံးပြုထားပြီးတော့ တောင်သူဆီက အသိမ်းခံရတာ မှန်တယ်ဆိုရင် လျော်ကြေးပေးအပ်နိုင်ဖို့ ဆက်လက်တင်ပြထားတဲ့ အမှုတွဲတွေလည်း ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေယာမှုများကို စစ်ဆေးမှုအတွင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုတွင် ကုမ္ပဏီတစ်ခုမှ သိမ်းဆည်းထားသည့် မြေဧရိယာများအနက် လုပ်ငန်းဆောင်ရွက်မှု မရှိသည့် မြေနေရာကို မူလပိုင်ရှင်ထံ ပြန်လည်စွန့်လွှတ်ရန် သဘောတူညီ ထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်လွှဲပြောင်းပေးမှု မရှိသေးသည့် မြေယာအမှုနှင့် တာလေမြို့ နားယောင်းကျေးရွာအုပ်စုမှ ပိုင်ဆိုင်မှုတင်ပြလာမှုတွင် မြေပြင်အနေအထား ကွဲလွဲချက်များရှိနေသည့် မြေယာအမှုတို့ကိုလည်း စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မြေယာမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးရန်နိုင်ထွန်းနှင့် သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ဇန်နဝါရီလ (၇)ရက်နေ့က ခရိုင်မြို့နယ်စုပေါင်းရုံး၌ ကျင်းပသည့် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေးတွင် စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
 သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~