တာချီလိတ်ကနေ ကျိုင်းတုံသို့သွားသည့် အိမ်စီးကားတစ်စီး မိုင်းဖြတ်မြို့အကျော်တွင် ချောက်ထဲ ထိုးကျ၍ လူ(၂)ဦး ဒဏ်ရာရ

တာချီလိတ်ကနေ ကျိုင်းတုံသို့သွားသည့် အိမ်စီးကားတစ်စီး မိုင်းဖြတ်မြို့အကျော်တွင် ချောက်ထဲ ထိုးကျ၍ လူ(၂)ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ် နှင့် ကျိုင်းတုံအကြား တာကျောက်ရွာအကျော်တွင် တာချီလိတ်မှ ကျိုင်းတုံသို့ သွားသည့် အိမ်စီးကားတစ်စီး ချောက်ထဲထိုးကျ၍ လူ(၂)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က တာချီလိတ်ကနေ ကျိုင်းတုံသို့ သွားသည့် မိသားစု(၆)ဦး စီးလာသော ကားသည် မိုင်းဖြတ်မြို့အကျော် တာကျောက်ရွာအလွန်တွင် အရှိန်လွန်ပြီး ချောက်ထဲထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။



"မနက် (၇)နာရီခွဲလောက်က ရွာသားတွေ ကျွန်တော်တို့အသင်းကို ဖုန်းဆက်လာတယ်၊ လူကြီးနဲ့ကလေး (၂)ဦး အနည်းငယ်ဒဏ်ရာရတယ်။ ဖြစ်တာကတော့ ကျိုင်းတုံအပိုင်နယ်ထဲမှာဖြစ်တာ"ဟု မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ပြောသည်။

အနီးအနားရှိ ကျေးရွာနေဒေသခံများက မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံ ဖုန်းဆက်၍ အကူအညီတောင်းရာ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက ချက်ချင်းထွက်ခွာသွားကြသော်လည်း  လမ်းခရီးမှာ အနည်းငယ်ဝေး၍ လမ်းပေါ် ဖြတ်သန်းသွားလာနေသည့် အိမ်စီးကား အချို့က ဒဏ်ရာရလူနာနှင့် မိသားစုကို ကားဖြင့် ကူညီ တင်ဆောင်လာပြီးနောက် တာကျောက်ရွာအလွန် ဆွတ်ပလောင်းကျေးရွာအနီးအရောက်တွင် မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက အဆိုပါ လူနာများကို ကားပြောင်းလက်လွှဲ ရယူကာ မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဧပြီလ(၂၀)ရက်နေ့ကလည်း တာချီလိတ်မှ မိတ္ထီလာသို့ပြန်သည့် လူ(၂၅)ဦးပါ ကားတစ်စီး မိုင်းဖြတ်မြို့နယ်အတွင်း  တာကျောက်ကျေးရွာ မရောက်မီနေရာတွင် ချောင်းထဲထိုးကျ၍ လူ(၃)ဦးသေဆုံးကာ (၂၂)ဦး ဒဏ်ရာရရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက သွားရောက် ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

တာချီလိတ် နှင့် ကျိုင်းတုံအကြားရှိ မိုင်းဖြတ်ဒေသအတွင်း လူမှုကယ်ဆယ်ရေးနှင့်အရေးပေါ် အကူအညီများ တောင်းလိုပါက မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း၏ ဖုန်း 09428227646 နှင့် 09428227646 သို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထားရှိသည်။

 



တာချီလိတ် - ကျိုင်းတုံသွားလမ်းမကြီးသည် ၂၀၁၁ခုနှစ်က ပြင်းထန်စွာ လှုပ်ခတ်သွားသည့် ငလျင်ကြောင့် ကားလမ်းမှာ တိမ်းစောင်းသွားခြင်း၊ လမ်းအက်ကြောင်းဖြစ်ပေါ်ခြင်း နှင့် လမ်းတစ်ခြမ်း မသိမသာ လိမ်ဖယ်သွားခြင်းများ ဖြစ်ပွားခဲ့ရာမှ ၂၀၁၁ နောက်ပိုင်းတွင် အဆိုပါ လမ်းပိုင်း၌ ယာဉ်များ အရှိန်လွန်ကာ ချောင်းနှင့်ချောက်ထဲသို့ ထိုးကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ယာဉ်များ သတိထားမောင်းနှင်ကြရန်လည်း သက်ဆိုင်ရာများက   အသိပေးထားရှိကြောင်းသိရသည်။

#TachileikNewsAgency

Photo: မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း