တာချီလိတ်မြို့တွင် အမျိုးသား(၄)ဦးအား ကျပ်သိန်း(၂၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တစ်နေ့တည်း ဖမ်းမိ

တာချီလိတ်မြို့တွင် အမျိုးသား(၄)ဦးအား ကျပ်သိန်း(၂၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တစ်နေ့တည်း ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁၆)ရက်နေ့က တစ်နေ့တည်း အမျိုးသား(၄)ဦးအား ကျပ်သိန်း(၂၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ နေရာ (၂)နေရာတွင် ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့က အမည်မဖော်ထုတ်ထားသည့် မိုတယ်တစ်ခု၏ လမ်းကြားတွင် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ဆိုင်းနေစဉ် နိုဝင်ဘာလ(၁၆)ရက်နေ့ ညနေ(၅)နာရီ(၄၅)မိနစ် ဝန်းကျင်အချိန်က သတင်းရရှိထားသည့် ဆိုင်ကယ်နှင့်ကားအား ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက ယာဉ်အတွင်းစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း(၂၀၀၀)ဝန်းကျင် တန်ဖိုးရှိ Ice မူးယစ်ဆေးဝါး ( Methamphetamine )အလေးချိန် (၂၅)ကီလိုကို တွေ့ရှိသိမ်းဆည်း၍ ယာဉ်ပေါ်တွင်ပါရှိသည့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ စိုင်းလှဝန်း၊ အသက်(၂၅)နှစ်ရှိ စိုင်းနော်ခမ်း နှင့် အသက်(၃၇)နှစ်ရှိ စိုင်းဖူးတို့ကို အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ ည(၇)နာရီ မိနစ်(၂၀)ဝန်းကျင်အချိန်က အသက်(၂၆)နှစ်ဝန်းကျင်ရှိ စိုင်းလောင်ခေးဆိုသူအား ဖမ်းဆီးစစ်ဆေးရာ ၎င်း၏ ကျောပိုးအိတ်အတွင်းထဲက တန်ဖိုးငွေ ကျပ်စုစုပေါင်း (၂၈)သိန်း ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀)ကို တွေ့ရှိသိမ်းဆည်းရမိ၍  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။