၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် တာချီလိတ်မြို့နယ်အတွင်း ရေလမ်းတံတား လုပ်ငန်းပေါင်း (၂၀) ဆောင်ရွက်ပေးမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် တာချီလိတ်မြို့နယ်အတွင်း ရေလမ်းတံတား လုပ်ငန်းပေါင်း (၂၀) ဆောင်ရွက်ပေးမည်
ဇန်နဝါရီ 8, 2020
By Tachileik News Agency

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် တာချီလိတ်မြို့နယ်အတွင်း ရေလမ်းတံတား လုပ်ငန်းပေါင်း (၂၀) ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း (၂၀) ကို ရွေးချယ်ထားကြောင်း သိရသည်။

"လုပ်ငန်းတစ်ခုကို သိန်း (၅၀) နဲ့လုပ်ငန်း (၂၀) ခုရွေးချယ်ခဲ့ပြီးတော့ ရေနဲ့ပတ်သက်တဲ့ လုပ်ငန်းက (၃) ခု၊ ကျေးရွာအဝင်လမ်းတွေက (၁၇) ခုဖြစ်ပါတယ်။ အဲဒီမှာ တာချီလိတ်က (၁၂) ခုရရှိတယ်။ တာလေနဲ့ ကျိုင်းလပ်က တစ်မြို့ကို လုပ်ငန်း (၄) ခုစီ ဆောင်ရွက်ပေးသွားမှာပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ဂျော့ပရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မိုင်းဟဲကျေးရွာအုပ်စုရှိ ပါဆာရွာရေလှောင်ကန် တည်ဆောက်ခြင်း၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ပိန်းညှောင်(၂)ရွာဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ဟိုစို-ဝမ်ဟွေရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စုရှိ ပါတောင်းရွာသစ် ရွာလယ်လမ်းကွန်ကရစ်ခင်းခြင်း၊ ပါခုတ်ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ မိုင်းကိုးကျေးရွာ အုပ်စုရှိ ဟိုပုံရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ နောင်ယာဆိုင်းရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းများ ပါဝင်သည်။

ယင်းအပြင် ဝမ်လုံးကျေးရွာအုပ်စုရှိ ဖာတီမာကုန်းကျေးရွာ အဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ ဖန်မင်ကျေးရွာအုပ်စုရှိ ဝမ်ကော့ရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ ဟိုနားရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မိုင်းဟဲကျေးရွာအုပ်စုရှိ ပန်နက်ရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကျိုင်းလပ်မြို့၊ ကျခမ်းကျောက်ကျေးရွာအုပ်စုရှိ ကျခမ်းတဲရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မိုင်းပါလျှိုကျေးရွာအုပ်စုရှိ နမ့်ဝန်း(၁)ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ နမ့်ခင်းကျေးရွာအုပ်စုရှိ ဝမ်တုံရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ဟိုခါးရွာဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ တာလေမြို့၊ မိုင်းလင်းအရှေ့ကျေးရွာအုပ်စုရှိ လန့်တောင်းကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ကျကကျေးရွာရေလှောင်ကန်တည်ဆောက်ခြင်း၊ စိုးမြင့်ကျေးရွာ ရေလှောင်ကန်တည်ဆောက်ခြင်း၊ နားယောင်းကျေးရွာအုပ်စုရှိ ကေသလရွာဟောင်း အဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရပ်/ကျေးကော်မတီတွေကနေ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ပြီး  စီမံချက်တွေရေးဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုတင်ပြမှာဖြစ်ပါတယ်။ ဘတ်ဂျက်ကျတာနဲ့ မိုးတွင်းကာလမတိုင်ခင်အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများရွေးချယ်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့နယ်အတွင်းမှ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြကာ အကောင်အထည်ဖေါ်မည့် လုပ်ငန်းများကို အကြိုညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် တင်ပြလာသောလုပ်ငန်းများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ လုပ်ဆောင်မည့်စီမံကိန်းများနှင့် တူညီမှုမရှိစေရန် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။       

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~