ရှမ်(အရှေ့)ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနက စစ်ဆေးမှုများ လုပ်ဆောင်တော့မည်

ရှမ်(အရှေ့)ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနက စစ်ဆေးမှုများ လုပ်ဆောင်တော့မည်
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဦးစီးဌာနက 
စစ်ဆေးမှုများ လုပ်ဆောင်တော့မည်


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ ပိုးသတ်ဆေး၊ စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားသူများကို လက်မှတ်ရ ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲခြင်းသင်တန်း ပို့ချထားပြီးဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ ပိုးသတ်ဆေးဥပဒေနှင့် ညီညွတ်မှုရှိမရှိကို ဆိုင်များအား လိုက်လံစစ်ဆေးကြီးကြပ်တော့မည်ဖြစ်ကြောင်း သိရသည်။

“ဒီဒေသမှာ လက်မှတ်မရှိဘဲ ပိုးသတ်ဆေးဆိုင်တွေ ဖွင့်နေတယ်။ ကျွန်တော်တို့ကလည်း သင်တန်း မဖွင့်ပေးနိုင်ခဲ့ဘူး။ အခုက ဒီသင်တန်းမှာ ပိုးသတ်ဆေး ဥပဒေကိုလည်း ထည့်သွင်းပေးထားတယ်။ ဆေးတွေမှာ မြန်မာစာအညွှန်းပါရမယ်တို့ ပိုးသတ်ဆေးမှတ်ပုံတင်အမှတ်တွေရှိရမယ်တို့မှာ အကုန်သင်ပေးလိုက်တယ်။ မြေသြဇာ မှာလည်း အဲဒါတွေ ပါရမယ်။ အခုက သင်တန်းလည်းပေးထားပြီ လက်မှတ်လည်း ထုတ်ပေးပြီးပြီဆိုတော့ ဥပဒေအရ ဆက်ပြီးလုပ်သွားတော့မှာပါ။ ဒီက သင်တန်းပြီးပြီဆိုရင်တော့ သက်ဆိုင်ရာခရိုင်တွေက လိုက်ပြီးတော့ ဒီဇင်ဘာလအတွင်းလောက်မှာ စစ်ဆေးမှုတွေ ဆက်လုပ်သွားတော့မှာပါ”ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ) ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးပိုးသတ်ဆေးပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ခွင့်ကို လက်မှတ်ရ ပိုးသတ်ဆေးသင်တန်းဆင်းများကိုသာ ခွင့်ပြုပေးသွားတော့မည်ဖြစ်ပြီး ဒေသအလိုက် သင်တန်းများလိုအပ်ပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနများမှ တစ်ဆင့် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ အခုဖြစ်နေတာက ဆိုင်တွေကလည်း သူတို့ဆိုင်လာတဲ့တောင်သူတွေကို ပိုးသတ်ဆေးဆိုရင် ဘာရောဂါ ဘာပိုးမွှားဖြစ်တယ်ဆိုတာ မသိဘူး။ ပိုးသတ်ဆေး ပေးလိုက်တာပေါ့။ တောင်သူကလည်း မသိဘူး အဲဒီလိုဖြစ်နေတယ်။ အနာနဲ့ဆေးတည့်အောင် မပေးတတ်ဘူးပေါ့။ အခု သင်တန်းပေးလိုက်ခြင်းအားဖြင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်နည်းတွေရော၊ ပိုးမွှားရောဂါခွဲခြားနည်းတွေရော၊ နောက်ပြီးတော့ ရောင်းဝယ်ဖေါက်ကားတဲ့နေရာမှာ ပိုးသတ်ဆေးဥပဒေတွေနဲ့အညီ ရောင်းဝယ်ဖေါက်ကားဖို့နဲ့ မလိုအပ်ဘဲ ဆေးတွေ မရောင်းပေးဖို့ သင်တန်းပို့ချပေးတာပါ”ဟု  စိုက်ပျိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(ကျိုင်းတုံ)ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအနေဖြင့် ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပိုးသတ်ဆေးဆိုင်ဖွင့်လှစ်ထားသူများ၊ စိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း သင်တန်းသားဦးရေ(၅၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများအပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးတို့ တက်ရောက်ကြသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~