နမ့်ခမ်းတွင် TNLA နှင့် ပစ်ခတ် တိုက်ခတ်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၄)သေဆုံးသည့် အပြင် ဒဏ်ရာရသူများရှိ

Photo:  TNLA
Photo:  TNLA
နမ့်ခမ်းတွင် TNLA နှင့် ပစ်ခတ် တိုက်ခတ်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၄)သေဆုံးသည့် အပြင် ဒဏ်ရာရသူများရှိ
ဇန်နဝါရီ 5, 2022 | ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ နံနက်ပိုင်းက မြို့တွင်းဝင်လာသည့် TNLA တပ်ဖွဲ့ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှစတင်သည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၄) ဦးသေပြီး ဒဏ်ရာရသူများလည်း မြင်တွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ညနေပိုင်းတွင် ပစ်ခတ်သံများ မကြားရတော့သော်လည်း မြို့လူထုမှ အိမ်တံခါးများပိတ်၍ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။

ပစ်တာ ခတ်တာတော့ မကြားရတော့ဘူး။ ဒါပေမဲ့ မြို့ကတော့ တိတ်ဆိတ်နေတာပဲ။ အိမ်တံခါးတွေပိတ်ပြီး မထွက်ရဲကြဘူး

ဟု နမ့်ခမ်းမြို့ခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

နမ့်ခမ်းမြို့၊ ကောင်းဆာရွာအနီး၌ အာဏာသိမ်းစစ်တပ်မှ အလောင်းများ လာသယ်သွားသည်ကို ဒေသခံများက တွေ့ရကြောင်း သိရသည်။

‌ 

နမ့်ခမ်းမြို့ ကောင်းတပ်နှင့် ဟိုနားကျေးရွာများကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် TNLA တို့ကြား ယနေ့ နေ့လယ်ပိုင်းမှစ၍ (၄)နာရီဝန်းကျင်ကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင် TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့သို့ ရောက်လာချိန်တွင် အာဏာသိမ်းစစ်တပ်က စခန်းစစ်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နောင်စန့်ကုန်းရှိ လူနေရပ်ကွက်တွင်းကျကာ အသက် (၂)နှစ်အရွယ်ကလေး (၁) ဦး၊ အသက် (၅)နှစ်အရွယ် ကလေး (၂) ဦး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း အရပ်သား (၆)ဦး လက်နက်ကြီးကျည် ထိမှန်သွားခဲ့သည်။ 

ယနေ့နံနက်ပိုင်းတွင် TNLA တပ်ဖွဲ့က မြို့တွင်းဝင်လာနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။