တာချီလိတ်တွင် ရန်ကုန်က ပြန်လာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအား ဓါတ်ခွဲနမူနာစစ်ဆေးရာ COVID 19 ပိုးမတွေ့

တာချီလိတ်တွင် ရန်ကုန်က ပြန်လာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအား ဓါတ်ခွဲနမူနာစစ်ဆေးရာ COVID 19 ပိုးမတွေ့
အောက်တိုဘာ 16, 2020
By Tachileik News Agency
တာချီလိတ်တွင်  ရန်ကုန်က ပြန်လာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအား ဓါတ်ခွဲနမူနာစစ်ဆေးရာ  COVID 19 ပိုးမတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် နှင်းဆီပါတီမှ ကိုယ်စားလှယ်လောင်း(၁)ဦးနှင့် မိုင်းဆတ်မှ စောင့်ကြည့်လူနာ (၁)ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိသည်။
" မိုင်းဆတ်က PUI တစ်ယောက်၊ တာချီလိတ်မှာ ရန်ကုန်ကပြန်လာလို့ quarantine လုပ်ထားတဲ့တစ်ယောက်ရှိတယ်။ ဓာတ်ခွဲ (၂)ခုလုံး Negative ပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဓာတ်ခွဲနမူနာ (၂) ခုလုံးကို တာချီလိတ်ခရိုင်ဆေးရုံတွင် ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်သည်။
Stay at Home သတ်မှတ်ထားသည့်ဒေသများမှ တာချီလိတ်သို့ ဝင်လာသူများအားလုံးကို အသွားအလာကန့်သတ်ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၁)ဦး ရှိနေခြင်းဖြစ်သည်။
"အဲဒီလူက ကိုယ်စားလှယ်လောင်းတစ်ဦးပါ။ မယ်ယန်းဂိတ်ကပဲ လာတာ။ ရန်ကုန်ကပြန်လာတယ်လို့ ဂိတ်မှာပြောတော့ ကားဆရာကိုတော့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတယ်။ ရန်ကုန်က ပြန်လာတဲ့ ကိုယ်စားလှယ်လောင်းက ဟိုမှာ COVID 19 စစ်ထားတာလည်း ပါလာတယ်။ ဒါပေမဲ့ ရန်ကုန်က ပြန်တာဆိုတော့ quarantine ဝင်ရမယ်ဆိုတော့ မိုးကုတ်မှာက ပြစ်ဒဏ်စေ့တွေရှိနေတယ်။ နောက် ရန်ကုန်ပြန်တွေထားတဲ့ ဦးလောတာရဲ့ခြံမှာကလည်း တခြားဒေသကလာတဲ့ ကားသမားတွေ ထားထားတယ်။ သူက ရန်ကုန်ပြန်ဖြစ်နေတော့ ကူးစက်နိုင်ချေကများတော့ တခြားသူတွေနဲ့ ရောထားရင် အဆင်မပြေဘူး။ ဒါနဲ့ တခြားမှာထားဖို့ ကျန်းမာရေးက စဉ်းစားတော့ သူ့အိမ်မှာက အခန်းသီးသန့်ရှိတယ်။ မိသားစုနဲ့ ထိတွေ့မှုမရှိဘဲထားလို့ရတယ်ဆိုတော့ အဲဒီမှာ လိုက်ပို့ပြီး သူ့အိမ်သားတွေကိုလည်း အစားအသောက်ပို့တာ၊ ပစ္စည်းပို့တာမှာ သူ့အခန်းရှေ့ ခုံပေါ်မှာတင်ထားခဲ့ပြီး အနီးကပ်မနေကြဖို့၊ မှာစရာရှိတာတွေ သေချာမှာတယ်။ ရပ်ကွက်ကိုလည်း အပ်တယ်။ ဒီလူက ပြစ်မှုကျူးလွန်သူလည်းမဟုတ်ဘူး။ ရောဂါရှိသူလည်းမဟုတ်ဘူး။ ဒါပေမဲ့ ရောဂါကူးခံထားရရင် သိအောင် သီးခြားထားတာဆိုတာနဲ့ သိထားရမှာတွေကိုလည်း ပြောပြခဲ့ပါတယ်။ quarantine ထားဖို့ သူတစ်ယောက်ထဲအတွက် နေရာတစ်ခု ထပ်ရှာရမှာဖြစ်တော့ သူ့အိမ်လည်းရှိတယ်။ သူ့အိမ်က သီးခြားအခန်းလည်းရှိတယ်ဆိုတော့ ကျန်းမာရေးက အဆင်ပြေတယ်ဆိုပြီး ထားပေးထားတာပါ"ဟု မယ်ယန်းဂိတ်တွင် မြို့ဝင်လာသူများအား ကျန်းမာရေးစစ်ဆေးသည့်ဂိတ်၌ ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
Stay at Home ကြေညာထားသည့်ဒေသများမှနေ၍ တာချီလိတ်မြို့သို့ ဝင်လာသူများအား quarantine ထား၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပေးနေခြင်းဖြစ်ပြီး quarantine ဝင်ရင်း ကူးစက်ခံရခြင်းမဖြစ်စေရန် quarantine ဝင်သည့်နေ့ရက် တူသူများကို သီးခြားတစ်နေရာစီခွဲ၍ ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~