သစ်တင်ကားဖမ်းဆီးပြီး ငွေကြေးတောင်းခံသည့် နယ်ထိန်းတပ်ဖွဲ့ဝင် (၈)ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထား

သစ်တင်ကားဖမ်းဆီးပြီး ငွေကြေးတောင်းခံသည့် နယ်ထိန်းတပ်ဖွဲ့ဝင် (၈)ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထား
ဒီဇင်ဘာ 27, 2019
By Tachileik News Agency
သစ်တင်ကားဖမ်းဆီးပြီး ငွေကြေးတောင်းခံသည့် နယ်ထိန်းတပ်ဖွဲ့ဝင် ၈ ဦးကို 
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထား

သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်မောင်းများထံမှ ငွေကြေးတောင်းခံသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် (၈)ဦးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တောင်ငူမြို့အဝင် အဝေးပြေးယာဉ်ရပ်နားစခန်းအနီး၌ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက် (၃)နာရီခွဲဝန်းကျင်က ပျဉ်းကတိုး (၂) တန်ခန့်သယ်လာသည့် ကျောက်သဲတင်ဖောကားတစ်စီးကို တောင်ငူ မြို့မစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် (၈) ဦးက ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သစ်တင်မော်တော်ယာဉ်ကို တားဆီးပြီး ကျပ်သိန်း (၅၀) တောင်းခံခဲ့ကာ အကြိမ်ကြိမ် ညှိနှိုင်းပြီးနောက် ငွေကျပ် (၁၀)သိန်းရယူပြီး မော်တော်ယာဉ်အား လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည့် နယ်ထိန်းတပ်ဖွဲ့ဝင် (၈)ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် တောင်ငူမြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်တန်းချက် ဖွင့်လှစ်ထားကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~