ထိုင်းသင်္ကြန် အားလပ်ရက်၏ ပထမ သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူရာကျော် သေဆုံးပြီး ထောင်ကျော် ဒဏ်ရာရ

ထိုင်းသင်္ကြန် အားလပ်ရက်၏ ပထမ သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူရာကျော် သေဆုံးပြီး ထောင်ကျော် ဒဏ်ရာရ
By Mr John

ထိုင်းနိုင်ငံ၏ သင်္ကြန်ပွဲတော် အားလပ်ရက်ရှည် ပထမ (၃)ရက်အတွင်း နိုင်ငံတဝန်း ယာဥ်တိုက်မှုများကြောင့် သေဆုံးသူ (၁၀၀) ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ (၁၀၀၀) ကျော်ရှိသွားပြီကြောင်း ဘေးအန္တရာယ်တားဆီးရေးနှင့် လျှော့ချရေးဌာန၏ အချက်အလက်များအရ သိရှိရသည်။ 

သင်္ကြန်ပွဲတော် အားလပ်ရက် ဧပြီလ (၁၁)မှ (၁၃) ရက်နေ့အထိ ယာဥ်မတော်တဆမှုများကြောင့် လူ (၁၁၄) ဦး သေဆုံးပြီး (၁၀၆၄) ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါဌာန၏ အထွေထွေညွှန်ကြားရေးမှူး Boontham Lertsukheekasem က ထုတ်ပြန်သည်။ 

ယာဉ်မတော်တဆအများဆုံးမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး (၃)ရက်တာအတွင်း ယာဥ်မတော်တဆမှု (၃၈) ခု ဖြစ်ပွားကြောင်း သိရသည်။ 

ဘန်ကောက်တွင်မူ ယာဥ်မတော်တဆမှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်း လူ (၉) ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ချင်းမိုင်နှင့် တောင်ပိုင်းပြည်နယ်  နခွန်စီသာမတ်တို့တွင် ယာဥ်မတော်တဆမှုများကြောင့် လူ (၄၀)ဦးစီ ဒဏ်ရာရခဲ့ကြသဖြင့် ဒဏ်ရာရသူအများဆုံး နေရာများဖြစ်နေကြောင်း သိရသည်။

ဧပြီလ (၁၃) ရက် တစ်ရက်တည်းတွင် ထိုင်းနိုင်ငံတဝန်း ယာဥ်တိုက်မှု (၄၃၇) ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၉) ဦးနှင့် ဒဏ်ရာရသူ (၄၄၈) ဦးရှိခဲ့ကြောင်း သိရသည်။ 

ယာဥ်တိုက်မှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ်ပြီး ယာဥ်တိုက်မှု စုစုပေါင်း၏ (၃၇) ရာခိုင်နှုန်းရှိကာ (၂၇) ရာခိုင်နှုန်းမှာ အရက်သောက်၍ မောင်းနှင်မှုကြောင့်ဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုများ၏ (၇၉) ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သင်္ကြန်ပွဲတော်ကာလအတွင်း ဧပြီလ (၁၁) ရက်မှ (၁၇) ရက်အထိ ခရီးသွားလာမှုများပြားပြီး နှစ်စဥ် ယာဥ်တိုက်မှုများကြောင့် သေဆုံးဒဏ်ရာရမှု အများအပြား ဖြစ်ပွားလေ့ရှိရာ အဆိုပါ အားလပ်ရက် (၇) ရက်ကို လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုရက်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။