ကျိုင်းတုံမြို့မဈေးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ရေရှည်အစီအမံဖြင့် လုပ်ဆောင်ရန် စီစဉ်နေ

ကျိုင်းတုံမြို့မဈေးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ရေရှည်အစီအမံဖြင့် လုပ်ဆောင်ရန် စီစဉ်နေ
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

 ကျိုင်းတုံမြို့မဈေးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ရေရှည်အစီအမံဖြင့် လုပ်ဆောင်ရန် စီစဉ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မဈေးကြီးအား အဆင့်မြှင့်တင်နိုင်ရေး ရေရှည်အစီအမံဖြင့် လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ဈေးရှေ့ စည်ပင်သာယာခန်းမကြီးက ဟောင်းသွားပြီ။ ဈေးပတ်လည်မှာ လမ်းကြပ်ပြီး ကားရပ်စရာမရှိဘူး။ EOI (ပြည်တွင်းရင်းနှီးမြှပ်နှံမှု) ခေါ်လိုက်တယ်။ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံတာပေါ့။ အောက်က ကားပါကင်၊ အပေါ်ထပ်မှာ ဈေးဆိုင်ခန်းတွေ (၁၁၂) ခန်းလောက် ပါမယ်ထင်တယ်။ အပေါ်ဆုံးမှာ စည်ပင်အတွက် ခန်းမပြန်လုပ်ပေးမယ်။ ဧည့်သည်လာရင်တည်းဖို့ VIP အခန်း (၅) ခန်းနဲ့ ရုံးခန်းဆောက်ပေးမှာပေါ့

ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ အဆောက်အဦး ဆောက်လုပ် ပြီးစီးသွားပါက တည်ဆောက်သည့်ကုမ္ပဏီမှ ဈေးဆိုင်ခန်းများကို ရောင်းချပေးသွားမည်ဖြစ်ပြီး ဝင်ငွေများမှ ကျိုင်းတုံမြို့သာယာဖွံ့ဖြိုးရေးအတွက် သိန်း (၆,၀၀၀) လှူဒါန်းပေးမည်ဖြစ်သဖြင့် နာရီစင် တည်ဆောက်ခြင်း၊ နောင်တုံကန်ပတ်လည်ပြုပြင်မှုနှင့် နောင်ခမ်းကန်ပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

သား၊ ငါးရုံတွေကို သန့်ရှင်းရေးလုပ်တယ်။ မီးသတ်အဖွဲ့တွေနဲ့ ဆေးကြောသန့်ရှင်းတာတွေလုပ်တယ်။ ရေမြောင်းဆယ်တာတွေလုပ်တယ်။ ရေမြောင်းဆယ်တာကိုတော့ လစဉ်လတိုင်း လုပ်သွားဖို့ အစီအစဉ်ရှိတာပေါ့။ ဈေးအပြင်မှာ ပျံကျဈေးသည်တွေ အဆင်ပြေအောင်လို့ ဒီနေ့ကွန်ကရစ်လမ်း စခင်းတယ်

ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ မဈေးအတွင်းရှိ သား၊ ငါးရောင်းချသည့် ဈေးရုံများမှာ သန့်ရှင်းမှုနည်းပါးနေသည့်အတွက် ဈေးအနီးရှိ မြေကွက်လပ်တွင် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ အောက်ထပ်တွင် ကားပါကင်၊ အပေါ်ထပ်တွင် သား၊ ငါးအရောင်းဆိုင်နှင့် အပေါ်ဆုံးထပ်တွင် ဟင်းသီး၊ ဟင်းရွက်တန်းများထည့်သွင်းတည်ဆောက်ရန်စီစဉ်နေကြောင်း၊ ကျိုင်းတုံမြို့မဈေးမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို စည်ပင်သာယာဌာနမှ နေ့စဉ် အမှိုက်သိမ်းယာဉ် (၂) စီးဖြင့် သိမ်းဆည်းမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်က စည်ပင်ဝန်ထမ်များမှ မြို့မဈေးအတွင်း သန့်ရှင်းရေးပြုလုပ်ရာသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ရှမ်းပြည်(ကျိုင်းတုံ) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦီးရဲနိုင် နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု့ကာ အဆိုပါ ဈေးအား သန့်ရှင်းသာယာရေး နှင့် မီးဘေးလုံခြုံရေး အပါအဝင် အဆင့်မြှင့်တင်ရန်အတွက်ပါ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Wunna Soe


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~