တာချီလိတ်မြို့ရှောင်လမ်း လမ်းအူကြောင်းဖောက်လုပ်ရာတွင် လျာထားမြေပုံနှင့် အနည်းငယ်ကွဲလွဲနေ

တာချီလိတ်မြို့ရှောင်လမ်း လမ်းအူကြောင်းဖောက်လုပ်ရာတွင် လျာထားမြေပုံနှင့် အနည်းငယ်ကွဲလွဲနေ
ဒီဇင်ဘာ 27, 2019
By Tachileik News Agency
တာချီလိတ်မြို့ရှောင်လမ်း လမ်းအူကြောင်းဖောက်လုပ်ရာတွင် လျာထားမြေပုံနှင့် အနည်းငယ်ကွဲလွဲနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှောင်လမ်း၏ လမ်းအူကြောင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင် ဖောက်လုပ်နေပြီး မြေပြင်အနေအထားမှာ မူလလမ်းအူကြောင်းလျာထားသည့် အနေအထားနှင့်မတူဘဲ အနည်းငယ် ကွေ့ကောက်သွားကြောင်း သိရသည်။

လမ်းအူကြောင်းအတွက် ကွင်းဆင်းတိုင်းတာစဉ်က လူနေအိမ်များ၊ ခြုံနွယ်များရှိသည့် နေရာများလည်း ရှိနေရာ လမ်းအူကြောင်းမှာ မြေပုံတွင် ဖြောင့်ဖြူးနေခဲ့သော်လည်း မြေပြင်အခြေအနေတွင် အနည်းငယ် ကွေ့ကောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။

“မြေယာပြသနာက မရှိပါဘူး။ ဒေသခံတွေ တောင်းဆိုတဲ့ အချက်ကလေးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်။ တကယ့်မြေပုံထဲမှာ လမ်းကအဖြောင့်ဆိုပေမဲ့ မြေပြင်မှာ နည်းနည်းကောက်နေတယ်”

ဟု တာချီလိတ်မြို့နယ် လမ်းဦးစီးမှူး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းအူကြောင်း ဖေါက်လုပ်ရာတွင် မြေပိုင်ရှင်အချို့က လမ်းမြေသတ်မှတ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုရှိခဲ့၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရန်အောင်မြေ ရပ်ကွက် အတွင်းရှိ မြေပိုင်ရှင်များနှင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် လမ်းဖြောင့်ဖြူးရေးအတွက် မြေပိုင်ရှင်များက ကူညီခဲ့ကြကြောင်း သိရသည်။

"မြေပြင်မှာ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းရတာရှိတော့ လိုတိုး၊ ပိုလျှော့လေးတွေ ဆောင်ရွက်ရတာပေါ့။ ကွင်းဆင်း တိုင်းတာတုန်းကတော့ ခြုံတွေ၊ အိမ်တွေရှိနေတဲ့အတွက် မမျှော်မှန်းနိုင်ဘူးပေါ့။ ကျွန်တော်တို့ဘက်ကကြိုးစားပြီး လမ်းအူကြောင်း ဖော်ခဲ့တာ။ အခုမှမြေပြင်ဖြစ်သွားတော့ တစ်ချို့မြေပိုင်ရှင်က မြေတွေ ကိုယ့်ဘက်၊ သူ့ဘက်ပါတယ် ဆိုပြီးတော့ ပြောလာတာပေါ့။ လမ်းအူကြောင်း အလံလေးတွေထောင်တာက စလွဲသွားတော့ ဒါလေးတွေကို နှစ်ဖက်ညှိနှိုင်းပြီးတော့ လမ်းအူကြောင်းလည်း လွဲမသွားအောင် ညှိနှိုင်းစိစစ်ပေးတာပါ"

ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးမှ ဦးထွန်းအောင်ဂိတ်အထိ မယ်ဆိုင်ချောင်းတစ်လျှောက် (၄) မိုင်အရှည် ဖောက်လုပ်မည်ဖြစ်ပြီး လမ်းနယ်အကျယ် (၈၄) ပေ၊ မြေသားတာဘောင် အကျယ် (၄၀) ပေ၊ ကွန်ကရစ်လမ်းအကျယ် (၂၃) ပေဖြင့် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်တွင်ပါဝင်မည့် လယ်ယာမြေနှင့် အိမ်ခြံမြေများအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးအဖြစ် လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ (၄၀x၆၀) တစ်ကွက်လျှင် ကျပ်သိန်း (၁၉၀)၊ လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေနှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် သတ်မှတ်ပေးအပ်နေရာ လျော်ကြေးပေးအပ်ရမည့်သူ (၁၉၆) ဦးအနက် ဒီဇင်ဘာလ (၂၆)ရက်နေ့အထိ လျော်ကြေးမယူသေးသူ (၂၉) ဦး ရှိနေခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းဖေါက်လုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း (၁၃၄၃)ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ လမ်းဖေါက်လုပ်ခြင်းလုပ်ငန်း စတင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~