ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ရေးအတွက် မြေသားလမ်း စီမံကိန်းစတင်နေပြီး တောင်သူများကို စက်တင်ဘာလ မတိုင်မီ မြေယာလျော်ကြေးပေးမည်

ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ရေးအတွက် မြေသားလမ်း စီမံကိန်းစတင်နေပြီး တောင်သူများကို စက်တင်ဘာလ မတိုင်မီ မြေယာလျော်ကြေးပေးမည်
ဇူလိုင် 17, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ရေးအတွက် မြေသားလမ်း စီမံကိန်းစတင်နေပြီး တောင်သူများကို စက်တင်ဘာလ မတိုင်မီ မြေယာလျော်ကြေးပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် ယခင်မိုးနဲ - ကျိုင်းတုံ ရထားလမ်းစီမံကိန်း၏ သိမ်းဆည်းမြေနေရာတွင် မြေသားလမ်းစီမံကိန်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း စတင်အကောင်အထည်ဖော်ဆောင်နေပြီး  တောင်သူများကို  စက်တင်ဘာလမတိုင်မီ မြေယာလျော်ကြေးများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဖြည့်စွက်မှာ ထည့်လိုက်ပြီပေါ့။ စက်တင်ဘာလမတိုင်ခင် လျော်ရမှာပေါ့။ ဘာအခက်အခဲရှိလဲဆိုတော့ မြေယာလျော်ကြေးပေးတဲ့အချိန်မှာ စစ်တပ်တို့၊ တက္ကသိုလ်တို့၊ ဘုန်းကြီးကျောင်းမြေတို့ ပါတဲ့ဟာတွေကမြေယာလျော်ကြေး မပေးတော့ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ သူတို့ရဲ့အတည်ပြုချက်ယူရမှာပေါ့။ ဗဟိုလယ်စီရောက်သွားပြီပေါ့

ဟု ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၇)ရက်နေ့တွင် ပြောသည်။

မိုးနဲ - ကျိုင်းတုံရထားလမ်းစီမံကိန်းမှ ပြန်လည်စွန့်လွှတ်မြေတွင် မြို့ရှောင်လမ်း ၊ ခေတ်မီအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် မူလတောင်သူများအား မြေယာလျော်ကြေးပေးရန်ကိစ္စမှာ နှောင့်နှေးကြန့်ကြာနေသည့်အတွက် ၂၀၂၀ ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင်ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့ခြင်းကို ရှမ်းပြည်နယ် လမ်းပန်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြို့ရှောင်လမ်းအတွင်း ပါဝင်သွားသော မြေနေရာများမှ မူလပိုင်ရှင်တောင်သူများအတွက် လျော်ကြေးငွေ ကျပ်သိန်း (၆,၈၀၀) ကျော်ကို လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပြည်ထောင်စုဖြည့်စွတ်ဘတ်ဂျက်တွင် ရရှိထားပြီး ပြည်ထောင်စုမြေစစ်ကော်မတီ၏ အတည်ပြုချက်ရယူပြီးပါက အမြန်ဆုံးပေးလျော်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ဖြေကြားထားခြင်းဖြစ်သည်။

ခွင့်ပြုရန်ပုံငွေကတော့ ရထားပြီးပါပြီ။ လုပ်ငန်းခွင့်ပြုမိန့်လည်း ရထားပြီးပြီ။ ဗဟိုလယ်စီက ခွင့်ပြုချက်ပဲလိုပါတော့တယ်။ ကျေးရွာတစ်ခုချင်းအလိုက် လိုက်ပြီးရှင်းပြထားတယ်။ ကျွန်တော်တို့  လျော်ပေးမယ်ပေါ့။ ဘတ်ဂျက်အရ (၉) လပိုင်းဆိုပိတ်တယ်။ အချိန်ကာလ (၂) လလောက်ပဲရှိကျန်တော့တဲ့အတွက် ဒီနှစ်ရရှိထားတဲ့ရန်ပုံငွေလေးကို အကောင်အထည်ဖော်ရမှာပေါ့။ လုပ်ငန်းတွေတော့ အခုစနေပါပြီ။ မီးရထားလမ်းပိုင်းက သံလမ်းလေးတွေ နည်းနည်းကျန်တာ ပြန်ဖြုတ်နေပါပြီ။ ဆက်သွယ်ရေးပိုက်လိုင်းတွေကျန်တာလည်း သူတို့ရွှေ့ပေးရမှာပေါ့

ဟု ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ရေးအတွက် လမ်းဧရိယာအတွင်းပါဝင်သည့် မြေယာများလျော်ကြေးပေးအပ်နိုင်ရန်အတွက် ယန်းလောကျေးရွာအုပ်စုမှ တောင်သူ (၆၁) ဦး၊ မိုင်းဇင်ကျေးရွာအုပ်စုမှ တောင်သူ (၃၄) ဦး၊ ရပ်ကွက်(၁)ရှိ တောင်သူ (၆) ဦး တို့ကိုလည်း ခေါ်ယူတွေ့ဆုံညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှောင်လမ်းကို (၁၀) ကီလိုမီတာအရှည်ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းဧရိယာအတွင်း မြေဧရိယာစုစုပေါင်း (၁၁၀.၄၄၃) ဧကပါဝင်ပြီး ယင်းတို့ထဲတွင် တပ်ပိုင်မြေ (၂၁.၈၈၆) ဧက၊ သာသနာပိုင်မြေ (၄.၃၃၆) ဧက၊ တက္ကသိုလ်ပိုင်မြေ (၂.၈) ဧက၊ မြေလွတ်မြေရိုင်း (၃၃.၂၆၀) ဧက ပါဝင်ကြောင်း သိရသည်။

အဆိုပါ မိုးနဲ - ကျိုင်းတုံရထားလမ်းစီမံကိန်းကို မီးရထားဝန်ကြီးဌာနက ၂၀၀၉ - ၂၀၂၀ ခုနှစ်တွင် စတင်ချိန်က ရထားဘူတာရုံအတွက် (၄၂.၄၂၀) ဧက၊ ရထားလမ်းအူကြောင်းအတွက် (၉၉.၅၇၉) ဧက စုစုပေါင်း ကျိုင်းတုံမြို့မှ မြေဧကပေါင်း (၁၄၁.၉၉၉)ကို သိမ်းဆည်းထားခဲ့ပြီးနောက် မီးရထားပြေးဆွဲနိုင်ခြင်းမရှိ၍ စီမံကိန်းပျက်သွားသဖြင့် မြေယာဥပဒေအရ မူလတောင်သူများထံ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

မီးရထားဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်မြေမှနေ၍ ကျိုင်းတုံမြို့ဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့် မြို့ရှောင်လမ်း ၊ ခေတ်မီအဝေးပြေးယာဉ်ရပ်နားစခန်းများ ဆောက်လုပ်နိုင်ရန်အတွက် မူလတောင်သူများထံ မြေယာလျော်ကြေးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~