သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ကုသခြင်းကို မိုင်းတုံပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ပထမပတ်အထိ အခမဲ့ဆောင်ရွက်ပေးမည်

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ကုသခြင်းကို မိုင်းတုံပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ပထမပတ်အထိ အခမဲ့ဆောင်ရွက်ပေးမည်
ဒီဇင်ဘာ 10, 2019
By Tachileik News Agency
သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ကုသခြင်းကို မိုင်းတုံပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ပထမပတ်အထိ အခမဲ့ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေခြင်းနှင့် ကုသခြင်းအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့အထိ မိုင်းတုံပြည်သူ့ဆေးရုံ၌ အပတ်စဉ် အင်္ဂါနေ့တိုင်း အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကြွက်နို့ပိုးသတ်တဲ့စက်ကို ကျွန်တော်တို့ဆေးရုံမှာ တစ်လထားပေးမှာဆိုတော့ ဇန်နဝါရီလ ပထမပတ် အထိတော့ ကြွက်နို့ပိုးတွေ့တဲ့သူတွေကို တစ်ခါထဲ ကုသပေးနိုင်မှာပေါ့။ ဒီကာလကျော်သွားရင်တော့  စမ်းသပ်ရှာဖွေစစ်ဆေးတာက လုပ်လို့ရတယ်။ အကယ်၍ ကြွက်နို့ပိုးတွေ့တယ်ဆိုရင်တော့ တာချီလိတ်အထိ သွားရမှာပေါ့”ဟု မိုင်းတုံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်စမ်းသပ်ရှာဖွေခြင်းနှင့် ကုသခြင်းအား မိုင်းတုံဆေးရုံပြင်ပလူနာဌာန၌ အင်္ဂါနေ့တိုင်း နံနက် (၁၀) ၌ အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မိုင်းတုံပြည်သူ့ဆေးရုံတွင် ဒီဇင်ဘာလ (၅)ရက်နေ့က သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေခြင်းနှင့် ကုသခြင်းအား အခမဲ့စမ်းသပ်ပေးသည့် (၆၇၆) ဦးအနက် ကြွက်နို့ပိုးတွေ့သူ (၆၉) ဦး၊ ကင်ဆာသံသယရှိသဖြင့် အသားစယူ၍ စစ်ဆေးရသူ (၅)ဦး၊ အဖြူဆင်းသူ (၁၀)ဦးနှင့် သားအိမ်ခေါင်းရောင်သူ (၂၈)ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နိုင်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသော အမျိုးသမီးများ၊ အိမ်ထောင်ဖက် များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသောသူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံး ကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်း ကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ ရသဖြင့် ရှမ်းပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းစီမံချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်နန်းရွှေမြင့်က ဦးဆောင် အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~