ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပနေသည့် လူမျိုးစု (၁၀) မျိုးပွဲတော်၏ ဖွင့်ပွဲတွင် မြန်မာရိုးရာအဖွဲ့ပါဝင် တက်ရောက်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပနေသည့် လူမျိုးစု (၁၀) မျိုးပွဲတော်၏ ဖွင့်ပွဲတွင် မြန်မာရိုးရာအဖွဲ့ပါဝင် တက်ရောက်
ဒီဇင်ဘာ 8, 2019
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပနေသည့် လူမျိုးစု (၁၀) မျိုးပွဲတော်၏ ဖွင့်ပွဲတွင်
 မြန်မာရိုးရာအဖွဲ့ပါဝင် တက်ရောက်

မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပနေသည့် လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၇) ရက်နေ့ ထိုင်းစံတော်ချိန် ည(၇) နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြုအဖွဲ့လည်း ပါဝင်တက်ရောက်သည်။

ထိုင်းစံတော်ချိန် ညနေ (၆) နာရီအချိန်တွင် ဘင်ခရာအဖွဲ့များ၊ လူမျိုးစု (၁၀) စု ကိုယ်စားပြုအဖွဲ့များ၊ မြန်မာရိုးရာအဖွဲ့၊ လာအိုရိုးရာအဖွဲ့၊ တရုတ်ရိုးရာအဖွဲ့နှင့် ရှမ်းရိုးရာအကအဖွဲ့တို့က မယ်ဆိုင်မြို့ပိုင်ရုံးရှေ့မှစ၍ လိုတပ်ကုန်တိုက်သွားရာလမ်း ချဲင်းဆန်မီးပွိုင့်လမ်းဆုံအနီးရှိ ပြပွဲကျင်းပရာ လက်ဖက်ခြံသို့ စီတန်းလှည့်လည်သွားရောက်ကြခြင်းဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ဖိတ်ကြားထားသည့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်နိုင်ခြင်းမရှိ၍ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြသည်။

ပြပွဲတွင် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတွင်းမှ လူနေမှုဘဝပုံစံ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပါဝင်ပြသထားပြီး ရိုးရာအစားအသောက်များ၊ ရိုးရာအထည်များ ရောင်းချပေးနေသည်ကို တွေ့ရသည်။

ပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပြသထားသည့် မြန်မာ့ရိုးရာအိမ်တွင် ရွှေတိဂုံစေတီတော် ပုံစံတူ၊ ကျိုက်ထီရိုးစေတီတော်ပုံစံတူများ ပြသခြင်းအပြင် မြန်မာ့ရိုးရာအစားအစာများနှင့် မြန်မာရိုးရာ ဝတ်စုံများကိုလည်း ရောင်းချပေးနေသည်။ 

ပွဲတော်၏ ပြပွဲကာလအတွင်း ဝင်ကြေးပေးစရာမလိုဘဲ ဝင်ရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး တာချီလိတ်ဘက်မှ သွားရောက်လည်ပတ်နေသူများလည်း ရှိသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း





~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~