တာချီလိတ် - မယ်ဆိုင်အကြား နယ်စပ်ချောင်း အနီးတွင် မူးယစ်သယ်ဆောင်သူများနှင့် ထိုင်းဘက် ပစ်ခတ်မှုဖြစ်ပြီး အိုက်စ် ၆၀၀ ကီလို သိမ်းဆည်းရမိ

တာချီလိတ် - မယ်ဆိုင်အကြား နယ်စပ်ချောင်း အနီးတွင် မူးယစ်သယ်ဆောင်သူများနှင့် ထိုင်းဘက် ပစ်ခတ်မှုဖြစ်ပြီး အိုက်စ် ၆၀၀ ကီလို သိမ်းဆည်းရမိ
ဒီဇင်ဘာ 27, 2019
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြား နယ်စပ်ချောင်းအနီးတွင် မူးယစ်သယ်ဆောင်သူများနှင့် 
ထိုင်းဘက် ပစ်ခတ်မှုဖြစ်ပြီး အိုက်စ် ၆၀၀ ကီလို သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်စပ်အကြားတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် ထိုင်းစံတော်ချိန် (၄)နာရီ မိနစ်(၂၀)အချိန်က မူးယစ်ဆေးသယ်သည့်အဖွဲ့အား ထိုင်းဘက်က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသူ နှစ်ဦးနှင့် အိုက်စ် (၆၀၀) ကီလိုဖမ်းမိပြီး မြန်မာဘက်ခြမ်းတွင်လည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးကို တွေ့ရှိထားသည်။

မယ်ဆိုင်ဘက်သို့ နယ်စပ်ချောင်းကိုဖြတ်၍ ကျောပိုးအိတ်များ လွယ်ထားသော လူဦးရေ (၂၀) ဝန်းကျင် အဖွဲ့တစ်ဖွဲ့ကို နယ်စပ်ချောင်းနှင့် မီတာ (၃၀၀)ခန့်အကွာတွင် နယ်ခြားစောင့်တပ်က စစ်ဆေးရန် တားမြစ်စဉ်  စတင် ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု မိနစ် (၂၀)ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ်နေရာအား စစ်ဆေးရာ သေဆုံးနေသည့် အမျိုးသားနှစ်ဦးနှင့် ကျန်နေခဲ့သည့် အိတ်ပေါင်း (၂၀)အတွင်းမှ အိုက်စ်မူးယစ်ဆေး (၆၀၀) ကီလိုဂရမ်ခန့်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ ပစ်ခတ်မှု သတင်းကြောင့် မြန်မာဘက်ခြမ်းကလည်း နယ်စပ်ချောင်းတစ်လျှောက် ရှာဖွေစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း တာချီလိတ်မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီဘက်က မယ်ခေါင်အပိုင်း(ခ)နဲ့ မျက်နှာချင်းဆိုင်ဘက်မှာ မူးယစ်သယ်တဲ့အဖွဲ့ကို ထိုင်းဘက် ပူးပေါင်းအဖွဲ့က ပစ်ခတ် ဖမ်းဆီးမှုဖြစ်တယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ ဒီဘက်မှာ ရှာတော့ သေနတ်ဒဏ်ရာနဲ့ အမျိုးသား အလောင်းတစ်လောင်း တွေ့တယ်။ ပစ်ခတ်တဲ့အဖွဲ့နဲ့ ဆက်စပ်မှု ရှိမရှိတော့ မသိသေးဘူး။ မူးယစ်ဆေးတော့ မတွေ့ဘူး” 

ဟု တာချီလိတ်မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်ခြမ်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်ရှိ တာချီလိတ်မြို့၊ မယ်ခေါင်အပိုင်း(ခ) ရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းတစ်လျှောက်ကို မြန်မာဘက်မှ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာ မူးယစ်ဆေးမတွေ့ရဘဲ ခြုံအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးနေသည့် အမျိုးသားမှာ ဝမ်းဗိုက်နှင့် ခြေကျင်းဝတ်တို့တွင် သေနတ်ဒဏ်ရာများ ရထားသည်ကိုတွေ့ရပြီး တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၉)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မယ်ဆိုင်ဘက်သို့ သယ်ဆောင်လာသည့် အိုက်စ်မူးယစ်ဆေးများမှာ ထိုင်းမူးယစ်မှောင်ခိုအဖွဲ့နှင့် ချိတ်ဆက်ပြီး ဂျပန်နှင့် သြစတေးလျသို့ တင်ပို့ရန်ဖြစ်နိုင်ကြောင်း ထိုင်းမူးယစ်အဖွဲ့က သုံးသပ်ထားသည်။

Tachileik News Agency
Ref; MGR Online, Thairath, TNAmco
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~