ကျိုင်းတုံသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများမှ Civil Disobedience ကမ်ပိန်းတွင် ပါဝင်ပြီး ပြည်သူများလည်း ငြိမ်းချမ်းစွာ ပါဝင်ကြရန် တိုက်တွန်း

ကျိုင်းတုံသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများမှ Civil Disobedience ကမ်ပိန်းတွင် ပါဝင်ပြီး ပြည်သူများလည်း ငြိမ်းချမ်းစွာ ပါဝင်ကြရန် တိုက်တွန်း
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

မြန်မာ့တပ်မတော်က နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်ကိစ္စများနှင့် ပတ်သက်၍ ကျိုင်းတုံသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများက ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ကမ်ပိန်းတွင် ပါဝင်လာပြီး ပြည်သူများအနေဖြင့် Civil Disobedience ကမ်ပိန်း ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြရန် တိုက်တွန်းသည့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့် Civil Disobedience ကမ်ပိန်း ပြုလုပ်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ကျန်းမာရေးဝန်ထမ်းများအားလုံးကို ထောက်ခံသွားမည်ဖြစ်ကြောင်း နှင့် စစ်အစိုးရအဖွဲ့အစည်း၏ ယန္တာရားများတွင် မပါဝင်နိုင်သဖြင့် Civil Disobedience ကမ်ပိန်း ပြုလုပ်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Civil Disobedience ကမ်ပိန်း နှင့် ဖဲကြိုးနီ ကမ်ပိန်းများတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့မှ ပါဝင်လုပ်ဆောင်လာသည်ကို တွေ့ရသည်။