ကျိုင်းတုံရှိ ဘာသာပေါင်းစုံဟွေဖြန်းသုသာန် ထိန်းသိမ်းရေးအတွက် Master Plan ရေးဆွဲနေ

ကျိုင်းတုံရှိ ဘာသာပေါင်းစုံဟွေဖြန်းသုသာန် ထိန်းသိမ်းရေးအတွက် Master Plan ရေးဆွဲနေ
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
ကျိုင်းတုံရှိ ဘာသာပေါင်းစုံဟွေဖြန်းသုသာန် ထိန်းသိမ်းရေးအတွက် Master Plan ရေးဆွဲနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ (၄၅)ဧကကျယ်ဝန်းသည့် ဘာသာပေါင်းစုံ ဟွေဖြန်းသုဿန် ထိန်းသိမ်းရေး အတွက် စည်ပင်သာယာရေးဌာနက Master Plan ရေးဆွဲနေပြီး စနစ်တကျထိန်းသိမ်းမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

"ဟွေဖြန်းသုသာန်အတွက် Master Plan စရေးဆွဲနေပြီ။ သုသာန်သာယာလှပရေး ကိစ္စတွေ၊ နောက် ဟွေဖြန်းသုသာန်က (၄၅) ဧကလောက် ကျယ်တယ်။ ဘာသာပေါင်းစုံ သုသာန်ဆိုတော့ နယ်နမိတ်ပိုင်းခြား သတ်မှတ်ပြီး စနစ်တကျထိန်းသိမ်းဖို့ ကိစ္စတွေ၊ အများကြီးပါတာပေါ့။ Master Plan ပြီးမှ ဦးစားပေး ဆောင်ရွက်ရမယ့်ကိစ္စတွေ ဆောင်ရွက်သွားမှာပေါ့"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ဟွေဖြန်းသုသာန်၌ မီးသင်္ဂြိုလ်စက် (၂)လုံးကို တပ်ဆင်နေပြီး ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆရာတော်တွေရဲ့ လမ်းညွှန်မှုနဲ့ အလှူရှင်တွေစုပေါင်းပြီးလုပ်တာ မီးသင်္ဂြိုလ်စက်တစ်လုံး ပြီးစီးသွားပြီ။ အခု ရွှေတြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ အလှူရှင်တွေစုပေါင်းပြီးတော့ မီးသဂြိၤုလ်စက်တစ်လုံး ထပ်လှူတာပေါ့။ အဟောင်းက ကြံ့ခိုင်မှုမရှိတော့လို့ အဆောက်အဦးရော ဖျက်သိမ်းပြီးတော့ အသစ်တွေကို ဒီလကုန်မှာ စအသုံးပြုတော့မှာပေါ့"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သုသာန်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီတို့က
ဟွေဖြန်းသုသာန်တွင်  မီးသင်္ဂြိုလ်စက်များ တပ်ဆင်ခြင်းအပြင် အရိုးပြာအိုး (၁၂၀) ထည့်သွင်းနိုင်မည့် အဆောက်အဦး (၂) လုံးကိုလည်း တည်ဆောက်နေကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးများ ပြီးစီးသွားပါက အရိုးပြာများကို မြေမြုပ်ခွင့်ပြုမည်မဟုတ်ဘဲ အရိုးပြာထည့်သွင်းမည့်နေရာတွင်သာ ထားရှိရမည်ဖြစ်ပြီး အရိုးပြာထည့်သွင်းမည့်အခန်းအတွက် ကျပ် (၁၀၀,၀၀၀)နှင့် နာမည်ရေးထွင်းပေးမည့် (၁) ပေပတ်လည် ကျောက်ပြားအတွက် ငွေကျပ် (၂၀,၀၀၀) ကို သုသာန်ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ရန်ပုံငွေအဖြစ် ထည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေကို သုသာန်ထိန်းသိမ်း တည်ဆောက်ရေး လုပ်ငန်းများတွင် ပြန်လည်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်တုံကုမ္ပဏီကလည်း ဟွေဖြန်းသုသာန်ပတ်လမ်းတည်ဆောက်ရေးအတွက် မြေသားလမ်းဖောက်လုပ်ပေးနေပြီး လမ်းခင်းကျင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပေ (၄၀ X ၆၀) ရှိ တရားနာဇရပ်တစ်ဆောင်လည်း ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်
ဓါတ်ပုံ - စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~