တာချီလိတ်မြို့ ဆန်ဆိုင်ဈေးအနီး ယာဉ်ထိန်းရဲများက ကားများကို စစ်ဆေး ငွေတောင်း

တာချီလိတ်မြို့ ဆန်ဆိုင်ဈေးအနီး ယာဉ်ထိန်းရဲများက ကားများကို စစ်ဆေး ငွေတောင်း
အောက်တိုဘာ 23, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ထိုင်ဆွန်ရွှေဆိုင် လမ်းကြားတွင် ယနေ့ အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်တွင် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှ ယာဉ်ထိန်း (၆)ဦးက အချို့ကားများကို တားဆီးစစ်ဆေးပြီး ငွေကြေးတောင်ခံမှုများရှိသည်ဟု သိရသည်။

ဆန်ဆိုင်း ထိုင်ဆွန်ရွှေဆိုင် လမ်းကြားနဲ့ထိပ်မှာ မော်တော်ပီကေတွေ(၆)ယောက် ငွေညစ်နေတာတွေ့တယ် အထွက် ကား ဆိုင်ကယ်တွေကို မိန်းလမ်းထိပ်ကနေ စောင့်ပြီးဖမ်းတာ။ ကားတစ်စီး အဖမ်းခံထားရတာတွေ့တယ်

ဟု မြင်တွေ့ခဲ့ရသူ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်က ပြောသည်။

တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့သည် တာချီလိတ်မြို့သို့ တိုင်းမှူးခရီးစဉ်များနှင့် ဝန်ကြီးခရီးစဉ်များရှိသည့်အခါမျိုးတွင် မီးပွိုင့်များ၌ သေနတ်များကိုင်ဆောင်ကာ စောင့်လေ့ရှိပြီး ပုံမှန်အချိန်များတွင် ယခုလို ဖမ်းဆီးဒဏ်ငွေရိုက်မှုများအဖြစ် ထိုင်ဆွန်ရွှေဆိုင်လမ်း၊ ပုံလို့သွားလမ်း၊ ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၊ ပါဆတ်ဘုန်းကြီးကျောင်း အနီး အပါအဝင် လပြည့်ဝန်း ဆီပန့် နှင့် စိန်ပန်းနီနီစားသောက်ဆိုင်အနီးတို့တွင် လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။

မနေ့ကတော့ တိုင်းမှူးလာလို့ လမ်းတစ်လျှောက် မော်တော်ပီကယ်တွေကို ခါတိုင်းထက် တော်တော်လေးတွေ့ရတယ်။ ခါတိုင်းကတော့ အလုပ်မလုပ်ဘူး လူကြီးလမ်းကြောင်းဆိုရင် သူတို့ကိုယ်ထင်ပြကြပြီ။ လမ်းဆုံတွေမှာ မော်တော်ပီကယ်တွေ သေနတ်တွေနဲ့ စောင့်နေပြီဆိုရင် ခရီးစဉ်တခုခုရှိတယ်ဆိုတာ သူတို့ကို ကြည့်တာနဲ့ကိုသိရပြီ။ တာချီလိတ်ယာဉ်ထိန်းရဲတွေလည်း အရင်လို မဟုတ်တော့ဘူးဗျ

ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ရုံး အပါအဝင် အချို့နေရာများ၌ ဖောက်ခွဲမှုများ ဖြစ်နေချိန်တွင် ငြိမ်နေကြသည့် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုသည် ယခုအခါမှာ အောက်တိုဘာလ ပထမပတ်အတွင်းက စ၍ ကားနှင့်ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်ပြီး နေရာတွင်ပင် ဘတ်ငွေ(၁၀၀၀)အထိ ဒဏ်ရိုက်မှုများအထိ လုပ်ဆောင်လာသည်။