ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်း
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ 
ပိုင်ရှင်မဲ့ သိမ်းဆည်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများကို နှစ်ရက်အတွင်း နေရာ နှစ်နေရာမှ ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က လောက်ကိုင်မြို့နယ်၊ တာရွှေထန်ကျေးရွာအုပ်စု၊ နမ်ကော်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် လူနေထိုင်ခြင်း မရှိသည့် နေအိမ်တဲအတွင်းရှိ မြေအောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ဒိုင်းအီသိုင်းအီသာ (၁၀၄၀) လီတာ၊ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဆိုဒီယမ်နိုက်ထရိတ်အလေးချိန် (၅၀) ကီလိုနှင့် အရိုးမီးသွေးမှုန့်အလေးချိန် (၂၀) ကီလိုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကျေးရွာအနီးတွင် ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၇)နာရီအချိန်၌ လူနေထိုင်ခြင်းမရှိသည့် နေအိမ်၏ မီးဖိုအောက်တွင် မြုပ်နှံထားသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၂၀) ပြား၊ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် Ice အလေးချိန် (၂.၅) ဂရမ်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့် မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုကို တာရွှေထန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မူးယစ်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~