ကျောက်မဲနှင့် ကိုးကန့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးဖမ်းမိ၊ တပ်ရင်းမှူးတစ်ဦးသေ

ကျောက်မဲနှင့် ကိုးကန့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးဖမ်းမိ၊ တပ်ရင်းမှူးတစ်ဦးသေ
နိုဝင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် လားရှိုးကြားရှိ ခုတန်စေတီ High Pointနှင့် ကိုးကန့်ဒေသ ကုန်ကြမ်းတပ်စခန်း၊ ကျောက်မဲ စစ်ဆေးရေးဂိတ်တို့ကို  မဟာမိတ်တပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုးကန့် ရှင်းဝမ့်ဒေသ ကုန်ကြမ်းရှင်းကိုင်းနေရာရှိ စစ်ကောင်စီတပ်စခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦးသေပြီး သေနက်(၈)လက် သိမ်းဆည်းရရှိခဲ့ကာ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု၊ ရှောက်ပတ်အိုင် နေရာသို့ ထွက်ပြေးလာသော စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ 

ကျောက်မဲမြို့နယ်ရှိ စစ်ဆေးရေးဂိတ်ကိုလည်း MNDAAနှင့် TNLAတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ရင်း (၅၇၉)တပ်ရင်းမှူး သေဆုံးခဲ့ပြီး  နိုဝင်ဘာလ (၂၆)ရက်နေ့က သိမ်းပိုက်ရရှိခဲ့သော မုံးကိုးဒေသ လုံခမ်းတပ်စခန်းပတ်လည်ကို ရှင်းလင်းရှာဖွေစဉ် နန်းဖကာ ပြည်သူ့စစ်အရာရှိတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း (၁၈၀)ကို မဟာမိတ်တပ်များက နိုဝင်ဘာလ (၂၇)ရက်နေ့အထိ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ချင်းရွှေဟော် လူဝင်မှုကြည့်ကြပ်ရေးရုံးမှ တာဝန်ခံတစ်ဦး နှင့် ဒုတာဝန်ခံ(၃)ဦးတို့ကို မိသားစုဝင်များနှင့်အတူ ဒုက္ခသည်အဖြစ် ချင်းရွှေဟော်စစ်ဆေးရေးဂိတ်ဖြတ်ကျော်ထွက်ပြေးရာ MNDAAက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော် လဝကရုံးတာဝန်ခံ စိုးသက်ချမ်းနှင့် ဒုတာဝန်ခံ ကျော်ဇော်လင်၊ ဝင်းထွန်းနှင့် ဝင်းညိုဦးတို့သည် မိသားစုဝင်များခေါ်ဆောင်ပြီး တရုတ်ပြည်အတွင်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ရာက ကိုးကန့်ဒေသ (၁၂၅)နယ်စပ် ဂိတ်ပေါက်မှပြန်ဝင်လာပြီး လောက်ကိုင်ဒေသသို့ပြန်လာရာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လဝကရုံးတာဝန်ခံ စိုးသက်ချမ်း၏ဇနီးမှာ ချင်းရွှေဟော်တိုက်ပွဲစတင်ဖြစ်ပွားသောနေ့တွင် သေဆုံးခဲ့ပြီး ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုအရ လွှတ်ငြိမ်းချမ်းသာခွင့်ပေးသဖြင့် လားရှိုးဘက်သို့ ဆင်းသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang