တရုတ်နိုင်ငံ ရွှေလီဘက်မှ မြန်မာနိုင်ငံသား (၄၉၇)ဦး မူဆယ်မြို့မှတစ်ဆင့် နေရပ်ပြန်လာ

Photo: လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်
Photo: လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်
တရုတ်နိုင်ငံ ရွှေလီဘက်မှ မြန်မာနိုင်ငံသား (၄၉၇)ဦး မူဆယ်မြို့မှတစ်ဆင့် နေရပ်ပြန်လာ
သြဂုတ် 23, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြန်မာ - တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ပေါက်မှတစ်ဆင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံသား (၄၉၇) ဦး နေရပ်ပြန်ဝင်လာသည်။

တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံသား အမျိုးသား (၂၆၁) ဦးနှင့် အမျိုးသမီး (၂၃၆) ဦးတို့ မူဆယ်ဘက်သို့ ပြန်ဝင်လာကြခြင်းဖြစ်သည်။

မြန်မာဘက်တွင် COVID 19 တတိယလှိုင်းဖြစ်ပွားချိန်၌ တရုတ်က နယ်စပ်ဂိတ်များကို ပိတ်လိုက်သဖြင့် တရုတ်နိုင်ငံဘက်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများကို ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ မြန်မာ - တရုတ်နယ်စပ်ပေါက်ဖြစ်သည့် နန်းတော်ဂိတ်မှနေ၍ နေ့စဉ် နံနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီအတွင်း ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံအတွင်း မြန်မာနှင့်နယ်စပ်တွင် COVID 19 ကူးစက်ထားသူများကို တွေ့ရသဖြင့် ရွှေလီမြို့ကို ဩဂုတ်လ (၃) ရက်နေ့က Lockdown သတ်မှတ်ခဲ့သည့်အပြင် ကျယ်ဂေါင်တွင်လည်း  COVID 19 စစ်ဆေးခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။

တရုတ်နယ်စပ်မှ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများကို COVID 19 စစ်ဆေးပြီးမှ ပြန်လွှတ်ပေးနေခြင်းဖြစ်ကြောင်း သိရပြီး ဇူလိုင် (၂၆) ရက်နေ့မှ ဩဂုတ် (၂၃) ရက်အထိ မြန်မာလုပ်သား (၅,၈၃၂)ဦး မူဆယ်နယ်စပ်မှတစ်ဆင့် နေရပ်ပြန်လာကြပြီဖြစ်သည်။