တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးပေးရမည့် ၁၉၆ ဦးအနက် ညှိနှိုင်းရန် ၁၈ ဦးကျန်ရှိ

တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးပေးရမည့် ၁၉၆ ဦးအနက် ညှိနှိုင်းရန် ၁၈ ဦးကျန်ရှိ
ဇန်နဝါရီ 19, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးပေးရမည့် ၁၉၆ ဦးအနက် ညှိနှိုင်းရန် ၁၈ ဦးကျန်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဧရိယာ၌ ပါဝင်မည့် မြေနေရာအတွက် လျော်ကြေးယူရန် ကျန်ရှိသူ (၂၈) ဦးအနက် လျော်ကြေးလက်ခံသူများထပ်တိုးလာနေ၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့အထိ ထပ်မံညှိနှိုင်းရမည့် မြေပိုင်ရှင်အရေအတွက် (၁၈) ဦးသာ ကျန်တော့ကြောင်း သိရသည်။

“ မြေယာလျော်ကြေးပေးရမယ့် (၁၉၆) ယောက်မှာ (၂၈)ယောက် ကျန်တယ်။ ဒီထဲကမှ လျော်ကြေးယူဖို့ သဘောတူ လက်မှတ်ထိုးပြီးသူ (၆) ဦးအတွက် ပြည်နယ်အစိုးရဆီကို လျော်ခွင့်ပြုရန်တင်ပြထားပြီးဖြစ်တယ်။ ကျန်တဲ့ (၂၂) ယောက်ထဲကမှ ဒီနေ့ တွေ့တဲ့ (၄)ယောက်က လျော်ကြေးပေးဖို့ သတ်မှတ်ထားတာထဲမှာ မြေလွတ်မြေရိုင်းဖြစ်နေတယ်။ သူတို့မြေက လန (၃၉)ကျထားပြီးဖြစ်နေလို့ မြေအမျိုးအစား ပြန်စစ်ပေးဖို့ တင်ပြတယ်။ မြေအမျိုးအစားပေါ်မူတည်ပြီး လျော်ကြေးကကွာတော့ သူတို့က ပြန်စစ်ပေးဖို့ တောင်းဆိုတယ်။ နောက်တစ်ယောက်ကတော့ တကယ်သိမ်းထားတဲ့မြေဧကကို မြေဧကမှန်လား ပြန်တိုင်းပေးပြီးရင်တော့ သူတို့လက်ခံမယ်ပြောတယ်။ အဲဒါကိုတော့ သူတို့နဲ့အတူပြန်တိုင်းပြီး မြေဧရိယာတွက်တာပြန်ရှင်းပြမှာပေါ့။ အဲဒါတွေ သူတို့ကျေနပ်တာနဲ့ ယူမယ်ပေါ့။ လန (၃၉)ကျထားတဲ့မြေကွက်ကလည်း အရင်အစိုးရလက်ထက်က ချထားပေးခဲ့တာတွေရှိလား ပြန်စစ်ရမယ်။ အကယ်၍မှန်တယ်ဆိုရင်တော့ အဲဒီနှုန်းထားအတိုင်း ကျွန်တော်တို့က အစိုးရအဖွဲ့ကိုပြန်တင်ပေးမယ်”

ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေယာလျော်ကြေးယူရန် ကျန်ရှိသူ (၄)ဦးကို တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တာချီလိတ် မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်၌ပါဝင်မည့် လယ်ယာမြေနှင့် အိမ်ခြံမြေများအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးအဖြစ် လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ (၄၀x၆၀) တစ်ကွက်လျှင် ကျပ်သိန်း (၁၉၀)၊ လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေနှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း (၁၉၀)နှုန်းဖြင့် သတ်မှတ်ပေးအပ်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းဖေါက်လုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သန်း (၁၃၄၃)ဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ လမ်းဖေါက်လုပ်ခြင်းလုပ်ငန်း စတင်နေခြင်းဖြစ်သည်။

မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားအနီးမှနေ၍ မယ်ဆိုင်ချောင်းတစ်လျှောက် မိုင်းဖုန်းကျေးရွာအုပ်စုရှိ စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~