တာချီလိတ်ခရိုင်ဆေးရုံသို့ လှူဒါန်းထားသည့် မြေနေရာကို ကျူးကျော်သူများရှိနေ၍ အလှူရှင်က ခြံစည်းရိုးခတ်ပေးထား

တာချီလိတ်ခရိုင်ဆေးရုံသို့ လှူဒါန်းထားသည့် မြေနေရာကို ကျူးကျော်သူများရှိနေ၍ အလှူရှင်က ခြံစည်းရိုးခတ်ပေးထား
ဒီဇင်ဘာ 31, 2019
By 🌸

တာချီလိတ်ခရိုင်ဆေးရုံသို့ လှူဒါန်းထားသည့် မြေနေရာကို ကျူးကျော်သူများရှိနေ၍ အလှူရှင်က ခြံစည်းရိုးခတ်ပေးထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ဆေးရုံပိုင်မြေနေရာကို ဆေးရုံ တာဝန်ရှိသူ၏ ခွင့်ပြုချက်မယူဘဲ ခြံစည်းရိုးခတ်နေခြင်းမှာ အဆိုပါမြေနေရာအား ဝင်ရောက် ကျူးကျော်မှုများ မရှိစေရန် အလှူရှင်မိသားစုက ကာရံပေးထားခြင်းဖြစ်သည်ဟု ခရိုင်ဆေးရုံတာဝန်ရှိသူထံ လာရောက်ရှင်းလင်းထားကြောင်း သိရသည်။

" အဲဒီမြေနေရာကို ၂၀၀၁ ခုနှစ်ကတည်းက ဆေးရုံမြေအနေနဲ့ လှူထားပြီးသား။ ဆေးရုံအုတ်တံတိုင်းခတ်တုန်းက တစ်ဖြောင့်တည်းဖြစ်အောင် ခတ်လိုက်တော့ အဲဒီနေရာကို သံဆူးကြိုးခတ်ထားတာပေါ့။ အဲဒီမြေနေရာက ခြုံတွေဖုံးလာတော့ ဆေးရုံပိုင်မြေလို့ရေးထားတဲ့ ဆိုင်းဘုတ်က မမြင်ရတော့ဘူး။ စီမံကိန်းတစ်ခုခုလုပ်မှ ရှင်းမယ်ဆိုပြီး ထားထားတာ။ ရှင်းလိုက်ရင် လူတွေဝင်နေမှာစိုးလို့။ အဲဒါ အခု အလှူရှင်မိသားစုဖက်က လာရှင်းတယ်။ အခြားသူတွေပိုင်သွားမှာစိုးလို့။ ဒီဇင်ဘာ (၂၄) ရက်နေ့က ကျွန်တော်နဲ့တွေ့တယ်။ ဆေးရုံပိုင်မြေဖြစ်တယ်လို့ပြောတော့ သူတို့မြေဖြစ်ရင်တောင်မှ ဆေးရုံကိုပြန်လှူမယ် ပြောတယ်။ သူတို့မြေတွေ ရှင်းပြီး ခြံစည်းရိုးတွေ ခတ်တုန်းတွေ့တာပေါ့"

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါမြေနေရာများမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အလင်းဝင်လာသည့် MTA အဖွဲ့ကို ပေးထားခဲ့ခြင်းဖြစ်ပြီး ဈေး၊ ဟိုတယ်ဇုန်၊ သံဃာ့ဆေးရုံများနှင့် လူနေအိမ်အဆောက်အဦများဖော်ထုတ်ရန် စီစဉ်ခဲ့ပြီးနောက် ဆေးရုံပိုင်မြေအဖြစ် ၂၀၀၁ ခုနှစ်တွင် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံပိုင်မြေအဖြစ် လှူဒါန်းခဲ့သည့်နေရာတွင် ကျူးကျော်မှုများရှိနေသဖြင့် ဒီဇင်ဘာလအတွင်း အလှူရှင်ဘက်မှ မြေယာရှင်းလင်းပြီး ခြံစည်းရိုးခတ်မှုများပြုလုပ်ခဲ့ကာ ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဆေးရုံပိုင်မြေအဖြစ် ဆိုင်းဘုတ်များ ပြန်လည်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~