နှစ်စဉ် မီးခိုးငွေ့ဖုံးလွှမ်းမှု ဖြစ်ပွားလေ့ရှိသည့် တာချီလိတ်ခရိုင်အတွင်း၌ မီးခိုးမြူ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုနှင့်အတူ ကြိုတင်စီမံမှုများ လုပ်ဆောင်ထား

နှစ်စဉ် မီးခိုးငွေ့ဖုံးလွှမ်းမှု ဖြစ်ပွားလေ့ရှိသည့် တာချီလိတ်ခရိုင်အတွင်း၌ မီးခိုးမြူ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုနှင့်အတူ ကြိုတင်စီမံမှုများ လုပ်ဆောင်ထား
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency

နှစ်စဉ် မီးခိုးငွေ့ဖုံးလွှမ်းမှု ဖြစ်ပွားလေ့ရှိသည့်  တာချီလိတ်ခရိုင်အတွင်း၌ မီးခိုးမြူ  ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုနှင့်အတူ  ကြိုတင်စီမံမှုများ လုပ်ဆောင်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းမှု ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများ၌ အသိပညာပေးခြင်းနှင့် အရေးပေါ်အခြေအနေ ဖြစ်လာပါက ခရိုင်စီမံခန့်ခွဲမှု ကော်မတီက ကူညီနိုင်ရေး အစီအစဉ်များကို ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။

"ရွာတွေမှာဆင်းပြီး အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားပါတယ်။ ကျွန်တော်တို့ လုပ်တဲ့စီမံချက်မှာ တာချီလိတ်ရယ်၊ မိုင်းယောင်းရယ်၊ မိုင်းဖြတ်ရယ် တစ်လကို (၈) ကြိမ် ပြည်သူလူထုနဲ့ ထိတွေ့ပြီး ကွင်းဆင်းပြီးတော့ တောမီးမရှို့ရေး၊ တောင်ယာတွေမှာ အလှည့်ကျစနစ်နဲ့မီးရှို့ရေး အသိပညာပေးမှုတွေ၊ တောမီးလောင်ရင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ အသိပညာပေးမှုတွေကို ဆောင်ရွက်ခိုင်းထားပါတယ်။ ခရိုင်အဆင့်ကတော့ တစ်လကို (၄) ကြိမ် ကွင်းဆင်းပြီး ဟောပြောဆောင်ရွက်ပါမယ်"ဟု ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က ပြောသည်။

တောင်ယာမီးရှို့ရှင်းလင်းလေ့ရှိသည့် ရာသီရောက်တော့မည်ဖြစ်ရာ တာချီလိတ်ခရိုင်အတွင်း မြို့နယ် (၃) မြို့နယ်အတွင်း ကျေးရွာများ အလှည့်ကျစနစ်ဖြင့် တောင်ယာမီးရှို့ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းပြုစုကာ စနစ်တကျစီမံထားပြီး ဒေသတွင်းမှ တောမီးရှို့ခြင်းအပြင် တစ်ဖက်နိုင်ငံမှ တောမီးရှို့မှုများကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူဖုံးလွှမ်းပါက အရေးပေါ်ကျန်းမာရေး အကူအညီရရှိရေးနှင့် မီးခိုးမြူရှင်းလင်းရေးတို့အတွက် ခရိုင်အဆင့်မှ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်များအထိ ချိတ်ဆက်စီမံဆောင်ရွက်ထားသည်ဟု သိရသည်။

"တစ်ဖက်နိုင်ငံမှာလည်း မနှစ်က တောမီးလောင်လိုက်တဲ့အတွက် မီးခိုးငွေ့က လေစီးကြောင်းနဲ့ ကျွန်တော်တို့နိုင်ငံကို အဓိကရောက်တာပေါ့။ ကျွန်တော်တို့ပြည်တွင်းမှာ လောင်တဲ့မီးခိုးငွေ့က ပြည်ပထဲကို သွားတဲ့သဘောပေါ့။ တခြားနိုင်ငံနဲ့ဖြစ်လာပြီဆိုရင်လည်း ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ရမယ့်အဆင့်ဖြစ်ပါတယ်။ မနှစ်ကလည်း နိုင်ငံဖြတ်ကျော် မီးခိုးငွေ့တွေရှိလာတဲ့အတွက် တစ်ဖက်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ အောက်ခြေ မှာရော၊ အထက်လူကြီးတွေ အကြီးအကဲအဆင့်မှာရော ပြောဆိုဆွေးနွေးရတဲ့အနေအထား အများကြီး ရှိခဲ့ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
      
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ အသိပညာပေးမှုများ ဆောင်ရွက်ရန်ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ယာမီးရှို့ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ တာချီလိတ်ခရိုင်အနေဖြင့် (၂) ကြိမ်၊ တာချီလိတ်မြို့နယ်အနေဖြင့် (၁၁) ကြိမ်၊ မိုင်းဖြတ်မြို့နယ်အနေဖြင့် (၉) ကြိမ်၊ မိုင်းယောင်းမြို့နယ်အနေဖြင့် (၇) ကြိမ် စုစုပေါင်း (၂၉) ကြိမ် ကွင်းဆင်းဆောင်ရွက်ထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူဖုံးလွှမ်းခြင်းကြောင့် လေထုညစ်ညမ်းမှုကာကွယ်နိုင်ရန်  လေထုအရည်အသွေး တိုင်းတာရရှိသည့် အချက်အလက်များကို နေ့စဉ်ထုတ်ပြန်ပေးခြင်း၊ သစ်တောဦးစီးဌာနနှင့် ခရိုင် မီးသတ်ဦးစီးဌာနရှိ မီးသတ်ယာဉ်များဖြင့် တောမီးငြှိမ်းသတ်ခြင်း၊ လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖျန်းခြင်း၊ ကျန်းမာရေးဦးစီးဌာနက အရေးပေါ်လူနာတင်ယာဉ်များ၊ အရေးပေါ်ကုသခန်းများထားရှိခြင်းနှင့် အများပြည်သူ မီးခိုးရှောင်စခန်းများ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားကြောင်း သိရသည်။

တောမီးရှို့မှုများသည့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် တာချီလိတ်ခရိုင်တွင် နှစ်စဉ် လပေါင်းများစွာ မီးခိုးမြူဖုံးလွှမ်းသည့်ဒဏ်ကို ခံစားရလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~