ရွေးကောက်ပွဲကာလတွင် Facebook အသုံးပြု၍ မဲဆွယ်ခြင်းများကို လက်ရှိဥပဒေ၊ နည်းဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်

ရွေးကောက်ပွဲကာလတွင် Facebook အသုံးပြု၍ မဲဆွယ်ခြင်းများကို လက်ရှိဥပဒေ၊ နည်းဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်
ဒီဇင်ဘာ 23, 2019
By Tachileik News Agency
ရွေးကောက်ပွဲကာလတွင် Facebook အသုံးပြု၍ မဲဆွယ်ခြင်းများကို 
လက်ရှိဥပဒေ၊ နည်းဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် Facebook အသုံးပြု၍ မဲဆွယ်ခြင်းနှင့်ပတ်သက်၍ တိုက်ရိုက်ပြဌာန်းထားခြင်း မရှိဘဲ ကုန်ကျစရိတ်မှာ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ခွင့်ပြုငွေကျပ် သိန်း (၁၀၀) တွင်သာ အကျုံးဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်တွင် ဖြေကြားထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း Facebook အသုံးပြု၍ မဲဆွယ်ခြင်းများနှင့်ပတ်သက်၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက် မြောက်နေ့တွင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်ပြဌာန်းထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက  ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကာလတွင် Facebook အသုံးပြု၍ မဲဆွယ်မှု များလာနိုင်မည်ဖြစ်ရာ ရွေးကောက်ပွဲ အသုံးစရိတ်များကို ပို၍သတိထားစောင့်ကြည့်ရဖွယ်ရှိသည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ခန့်မှန်းသည်။

“အရင်ပြီးခဲ့တဲ့ ရွေးကောက်ပွဲအထိက Facebook သုံးပြီး မဲဆွယ်တာက သိပ်တော့မရှိခဲ့ဘူး။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပိုများလာနိုင်တယ်။ ဒီတော့ ရွေးကောက်ပွဲ အသုံးစရိတ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုရင် ရွေးကောက်ပွဲက ာလသုံးတဲ့ ဖုန်းဘေလ်ထည့်တဲ့ ဖုန်းကဒ်တွေကအစ တွဲပြီး ကျွန်တော်တို့အနေနဲ့ တင်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ချို့ပါတီတွေဆို အဲဒီလိုတွေ မထည့်ထားကြဘူး။ ငွေကြေး အသုံးစရိတ်စာရင်းကို အတော်ကို ပေါ့ပေါ့လျော့လျော့ လုပ်ထားတာတွေ တွေ့ခဲ့ရဘူးတယ်။ Facebook သုံးပြီး မဲဆွယ်လာတဲ့အခါ ဒီမှာ ကုန်ကျစရိတ်တွေ အမှန်တကယ်ထည့်လား မထည့်လားဆိုတာတွေ ရှိလာတာပေါ့”ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကြာမီ ကျင်းပတော့မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း Facebook အသုံးပြု၍ မဲဆွယ်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ် ရှိ၊မရှိ၊ ကိုယ်စားလှယ်လောင်းများ၏ (Facebook) ပေါ်တွင် (Boost) လုပ်ပြီး နိုင်ငံရေး ကြော်ငြာအတွက်သုံးစွဲခဲ့သည့် ငွေကြေးပမာဏတန်ဖိုးများကို ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်း၌ ဖော်ပြရန် ရှိ၊ မရှိနှင့် ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ (Silent Day) ၊ ရွေးကောက်ပွဲရက် မဲမဆွယ်ရ ဧရိယာများတွင် (Facebook) အသုံးပြုခြင်းက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိအခြေအနေတို့ကို မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းထားသော်လည်း အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်ပြဌာန်းထားခြင်းမရှိကြောင်းကိုသာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးကြော်ငြာအတွက် အသုံးပြုသည့် အသုံးစရိတ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်သီးခြားဖော်ပြပြီး သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ-၇၄ အရ ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ငွေကျပ် သိန်း (၁၀၀) အထက် ပို၍ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ယင်းကုန်ကျစရိတ်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရာတွင် မြို့နယ်တရားသူကြီး အဆင့်ထက် မနိမ့်သော တရားသူကြီး တစ်ဦးဦးရှေ့မှောက် ကျမ်းကျိန်လွှာကို ပူးတွဲတင်သွင်းရမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~