မိုင်းဆတ်မြို့တွင် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော် ကျင်းပ

မိုင်းဆတ်မြို့တွင် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော် ကျင်းပ
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
မိုင်းဆတ်မြို့တွင် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်  ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၏ (၁၂) ကြိမ်မြောက် အာခါတိုင်းရင်းသား ရိုးရာစုပေါင်း နှစ်သစ်ကူး (ခါးထောင်းဖား) ပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ ညနေ (၅) နာရီက မိုင်းဆတ်မြို့  ကုန်းကုလားကျေးရွာရှိ အာခါစာပေနှင့်ယဉ်ကျေးမှုကော်မတီခန်းမဆောင်၌ ကျင်းပသည်။

နှစ်သစ်ကူးပွဲတော်ကို အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလှ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ မိုင်းဆတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူတို့က အာခါရိုးရာစုပေါင်းနှစ်သစ် ကူး (ခါးထောင်းဖား)ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။

အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှနှင့် ဗိုလ်မှူးချုပ်မျိုးမင်းထွန်းတို့က  နှစ်သစ်ကူး မိတ်ဆက် စကားပြောကြားပြီး အာခါတိုင်းရင်းသားရိုးရာထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညိုက ခါးထောင်းဖား ပွဲတော်သည် အာခါတိုင်းရင်းသားများ၏ ပွဲတော်များအနက် အရေးကြီးသည့် ပွဲတော်တစ်ခု ဖြစ်သည့် အတွက် နောင်လာနောင်သားများ လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ပွဲတော်၏ အခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ(၁၄) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီးနောက် အာခါတိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

 

အာခါရိုးရာနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အရေး ကြီးသည့်ပွဲတော် တစ်ခုဖြစ်ပြီး ဘိုးဘေးတို့ထံမှရရှိသော ကောင်းချီးမင်္ဂလာကြောင့် ခံစားရသော ကျေးဇူးတော်များကို အောက်မေ့ပြီး ကျေးဇူးဆပ်သောပွဲတော်အဖြစ် ကျင်းပလေ့ရှိခြင်းကြောင်း သိရသည်။

အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၌ အများအပြား နေထိုင်ကြပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း ပျံ့နှံ့နေထိုင်ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~