ရေနံချောင်းတွင် အသက်(၅)နှစ်အရွယ် ကလေးငယ်ကို လည်ပင်းဝင်ညှစ်သူအား စိတ်ကျန်းမာရေး စစ်ဆေးနေ

ရေနံချောင်းတွင် အသက်(၅)နှစ်အရွယ် ကလေးငယ်ကို လည်ပင်းဝင်ညှစ်သူအား စိတ်ကျန်းမာရေး စစ်ဆေးနေ
နိုဝင်ဘာ 29, 2019
By Tachileik News Agency

ရေနံချောင်းတွင် အသက်(၅)နှစ်အရွယ် ကလေးငယ်ကို လည်ပင်းဝင်ညှစ်သူအား  စိတ်ကျန်းမာရေး အခြေအနေ စစ်ဆေးနေ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၊ ညောင်လှနယ်မြေရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့က မသင်္ကာ၍ထိန်းသိမ်းထားရာမှ ထွက်ပြေး လွတ်မြောက်သွားသည့် အမျိုးသားသည် ညောင်လှကျေးရွာမှ ရာအိမ်မှူး၏ အသက် (၅)နှစ်အရွယ် သားဖြစ်သူကို နေအိမ်တွင် လည်ပင်းဝင်ညှစ်သဖြင့် ပတ်ဝန်းကျင်က ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံထားပြီး နိုဝင်ဘာလ (၂၉)ရက်နေ့အထိ အမှုမဖွင့်ရသေးကြောင်း သိရသည်။

“ဒီလူကို ညောင်လှနယ်မြေရဲစခန်းအပိုင် ဂွေးကုန်းကျေးရွာမှာ အထုပ်တစ်ထုပ်နဲ့ မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းပေးလို့ ညောင်လှနယ်မြေရဲစခန်းက သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ အဲဒီရဲစခန်းက ထွက်ပြေးလာပြီး ကျွန်တော့်နေအိမ်ထဲဝင်ရောက်လာချိန်မှာ ကျွန်တော်က မြို့ထဲရောက်နေတာ။ ကျွန်တော့်ကလေးရဲ့လည်ပင်းကို သစ်သားတုတ်နဲ့ဖိပြီး အန္တရာယ်ပြုတော့ ကျွန်တော့်ဇနီးနဲ့ အိမ်နီးနားချင်း အမျိုးသမီးက ဝင်ဆွဲပြီး ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းလို့ အသက်ချမ်းသာရာရခဲ့တာပါ။ အဲဒီလို အန္တရာယ်ပြုခဲ့သူကို စိတ်ရောဂါရှိ မရှိ မကွေးဆေးရုံပို့ပြီးစစ်ဆေးနေတယ်လို့သိရတယ်”ဟု ကလေး၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသားက ကလေး၏လည်ပင်းအား သစ်သားတုတ်ဖြင့် ဖိညှစ်ထားသဖြင့် ကလတ်တလော ကလေး၏အခြေအနေမှာ ပြင်ပဒဏ်ရာအနေဖြင့် လည်ပင်း၌ ညိုမည်းရာသာတွေ့ရှိရသော်လည်း ကြောက်လန့်နေဆဲဖြစ်ကြောင်း ၎င်း၏မိသားစုထံမှ သိရသည်။

“ကျူးလွန်သူဟာ စိတ္တဇဆန်ဆန်ဖြစ်နေလို့ မကွေးဆေးရုံကို စိတ်ကျန်းမာရေး အခြေအနေစစ်ဆေးဖို့ ပို့ထားပါတယ်။ သူ့မိသားစုကိုလည်း ခေါ်ထားပါတယ်။ ကလေးနဲ့ မိဘတွေကို သွားတောင်းပန်ဖို့ လည်း စီစဉ်နေပါတယ်။ အသေးစိတ်ကိုတော့ ရဲစခန်းမှာပဲ ဖြစ်စဉ် အစအဆုံးရှိတာမို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ကို မေးမှပဲ ပြောနိုင်မှာပါ”ဟု  အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ပြောသည်။

ကလေးငယ်အား လည်ပင်းညှစ်ရန် ကြိုးစားသည့် အမျိုးသားမှာ အသက်(၃၇နှစ်)အရွယ် ဝင်းလွင်ဆိုသူ ဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းဟု ယူဆရသဖြင့် စစ်ဆေးနိုင်ရန် နိုဝင်ဘာလ (၂၈)ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ခုချိန်ထိတော့ ရဲစခန်းမှာ ကလေးမိဘတွေက လာရောက် တိုင်တန်းအမှုဖွင့်တာ မရှိသေးပါဘူး။ တိုင်ရင်တော့ အမှုဖွင့်ပေးမှာပါ။ ဆေးစာပြန်ကြားချက်အရ စိတ်ပုံမှန်အခြေအနေပဲရှိတယ်ဆိုရင် သင့်တဲ့ပုဒ်မနဲ့ အရေးယူရမှာဖြစ်ပြီး စိတ်ပုံမှန် မဟုတ်ဘူးဆိုရင်တော့ ဥပဒေအကြံတောင်းပြီး ဆောင်ရွက်သွားရမှာပါ”ဟု ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ညောင်လှနယ်မြေရဲစခန်း၌ နိုဝင်ဘာ(၂၈)ရက် နံနက်(၁၀)နာရီ အချိန်ခန့်တွင် ဝင်းလွင် ဆိုသူအား မသင်္ကာ၍ စစ်ဆေးရန် ထိန်းသိမ်းထားရာမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ - Thein Naing Tun




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~