လားရှိုးမြို့တွင် အများပြည်သူ အနားယူအပန်းဖြေရန်နှင့် အမှတ်တရဓါတ်ပုံ ရိုက်နိုင်ရန် We Love Lashio စာလုံးအလှဖေါ်ထား

လားရှိုးမြို့တွင် အများပြည်သူ အနားယူအပန်းဖြေရန်နှင့် အမှတ်တရဓါတ်ပုံ ရိုက်နိုင်ရန် We Love Lashio စာလုံးအလှဖေါ်ထား
နိုဝင်ဘာ 24, 2019
By Tachileik News Agency
လားရှိုးမြို့တွင် အများပြည်သူ အနားယူအပန်းဖြေရန်နှင့် အမှတ်တရဓါတ်ပုံ ရိုက်နိုင်ရန် 
We Love Lashio စာလုံးအလှဖေါ်ထား

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အဝင်တွင် အများပြည်သူ အနားယူအပန်းဖြေရန်နှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးရန် We Love Lashio စာလုံးအလှဖေါ်ထားသည့်နေရာပြုလုပ်ရန် သီးခြားဘတ်ဂျက်ရရှိခြင်းမရှိသော်လည်း စွန့်ပစ်ထားသည့် ဆိုင်းဘုတ် ဒေါက်တိုင်များကို အသုံးပြုကာ တည်ဆောက် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ရှုခင်းသာနေရာကတော့ ကျွန်တော်စိတ်ကူးပုံဖေါ်ပြီး လုပ်လိုက်တာပါ။ တစ်ခြားမြို့တွေမှာဆို ရှိတယ်။ ကျွန်တော်တို့မြို့မှာ မရှိသေးဘူးဆိုတော့ ဒါမျိုးတွေ ဘယ်လိုဖန်တီးရင် ကောင်းမလဲဆိုပြီးတော့ မြို့ရဲ့ ရှုခင်းရှုကွက်တွေကို လိုက်ကြည့်တာပေါ့။ ဒီနားလေးကတော့ သင့်တော်တယ်ဆိုပြီး တစ်ခြားမြို့တွေက ဒီဇိုင်းလေးတွေရယ် ကိုယ့်အိုင်ဒီယာလေးတွေရယ် ပေါင်းပြီးတော့မှ ဒါလေးကိုလုပ်ဖြစ်တာပါ။ တစ်ချို့ ကြော်ငြာဘုတ်တွေက ဖြုတ်သွားပြီးတော့ ပစ်ထားခဲ့တဲ့တိုင်တွေရှိတယ်။ အဲဒါတွေကို သုံးပြီးလုပ်ထားတာပါ။ ဘတ်ဂျက်ရယ်လို့တော့ မရှိပါဘူး”ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အများပြည်သူအတွက် တည်ဆောက်ပေးထားသည့်နေရာများကို ပျက်စီးမှုများ မရှိစေရေးအတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါရန်ကိုလည်း စည်ပင်သာယာရေးဌာနက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

“ ပြည်သူလူထုအတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်စရာနေရာလေးတွေ ဝန်ကြီးလမ်းညွှန်ချက်နဲ့ လုပ်ပါဆိုတာကြောင့် ရေကန်တောင်ရယ်၊ ရုံးကြီးလမ်းနဲ့ ဘူတာလမ်းထောင့်နေရာရယ် နှစ်နေရာမှာ လုပ်ဆောင်ထားတာပါ။ နောက်ထပ်လည်း လွတ်လပ်ရေးပန်းခြံထဲမှာ အားကစား လေ့ကျင့်စရာတွေတော့ ရှိနေပြီ။ ဒါပေမဲ့ အပန်းဖြေစရာနေရာ၊ ဓါတ်ပုံရိုက်စရာနေရာလေးတွေ လုပ်ပေးဖို့တော့ ဒီဇိုင်းထုတ်နေပါပြီ”ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က ပြောသည်။

လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက အများပြည်သူ အနားယူအပန်းဖြေရန်နှင့် ကျန်းမာရေး လေ့ကျင့်နိုင်မည့်နေရာများ တည်ဆောက်ရန် ရရှိထားသည့် ဘတ်ဂျက်ဖြင့် အားကစားပစ္စည်းများ၊ ပန်းအလှပင်များဖြင့် အားကစားလေ့ကျင့်နိုင်မည့်နေရာများ တည်ဆောက်ပေးခြင်းကို ရေကန်တောင်နှင့် ရပ်ကွက်(၁) ရှိ ရုံးကြီးလမ်းနှင့် ဘူတာလမ်းထောင့်နေရာတို့၌ ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ရှုခင်းသာတည်ဆောက်ရန်အတွက် ဘတ်ဂျက်မရှိသော်လည်း စွန့်ပစ်ထားသည့် ဆိုင်းဘုတ်ဒေါက်တိုင်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net