ကုန်ပစ္စည်းအညွှန်းများ စိစစ်အရေးယူတော့မည်ဖြစ်၍ ထုတ်လုပ် ရောင်းချသူများကို ထပ်မံအသိပေး

ကုန်ပစ္စည်းအညွှန်းများ စိစစ်အရေးယူတော့မည်ဖြစ်၍ ထုတ်လုပ် ရောင်းချသူများကို ထပ်မံအသိပေး
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
ကုန်ပစ္စည်းအညွှန်းများ စိစစ်အရေးယူတော့မည်ဖြစ်၍ ထုတ်လုပ်  ရောင်းချသူများကို 
ထပ်မံအသိပေး  

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ စားသောက်ကုန်နှင့် ကုန်စည် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများ အနေဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစ၍ အသက်ဝင်တော့မည့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ ပြင်ဆင်ရမည်များကို ထပ်မံဆွေးနွေးအသိပေးခြင်းအဖြစ်  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ကစ၍ စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။

“စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်မှာ စပြီးအတည်ပြုတယ်။ အဲဒီထဲမှာ ခြွင်းချက်အနေနဲ့ အခန်း (၁၈) မှာပါတဲ့ ကုန်အညွှန်းအမှတ်အသားကတော့ တစ်နှစ်ပြည့်မှစပြီးတော့ အာဏာသက်ရောက်မယ်လို့ ဥပဒေထဲမှာ ပါလာတယ်။ အဲဒီကနေစပြီးတော့ ကျွန်တော်တို့ မြို့မဈေးထဲမှာ မဏ္ဍပ်ထိုးပြီးတော့ ကုန်အညွှန်းအမှတ်အသားနဲ့ ပတ်သက်ပြီးတော့ ရှင်းပြီးပြီ။ နောက်လက်လှမ်းမီရာတွေလည်း ထပ်ပြီးတော့ ရှင်းတာတွေရှိတယ်။ အခုက တစ်နှစ်ပြည့်ဖို့လည်း နီးလာပြီဆိုတော့ ကျန်နေတဲ့ကာလအတွင်းမှာ ဒီမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးကို အနီးကပ် ပြန်ပြီးဆွေးနွေးပေးတာ လုပ်နေတာပါ”ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး( လားရှိုး )မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

စားသောက်ကုန်များထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် သက်ဆိုင်ရာကုန်ပစ္စည်းအတိုင်း သတ်မှတ်ပေး ထားသည့် ဖေါ်ညွန်း အမှတ်အသားများအား ၂၀၂၀ ခုနှစ် မတ်လ (၁၆)ရက်နေ့ မတိုင်မီ ထည့်သွင်းဖေါ်ပြ ရန် အတွက် ဒီဇင်ဘာလ ( ၁၂ )ရက်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ရှိ လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး) မှ သိရသည်။

"စားသုံးသူကာကွယ်ရေး ဥပဒေမှာပါတဲ့ ဖေါ်ညွှန်းအမှတ်အသားဖေါ်ပြခြင်းနဲ့ ပတ်သက်ပြီးတော့ အဓိကအနေနဲ့ လားရှိုးမြို့ပေါ်မှာရှိတဲ့ မုန့်လုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ စားသုံးဆီ လုပ်ငန်း စတာတွေက လုပ်ငန်းရှင်တွေကို အရင်ဆုံးခေါ်ပြီးတော့ ဖေါ်ညွှန်းအမှတ်အသားထည့်သွင်းဖေါ်ပြဖို့ရာ အသိပညာပေး ဆွေးနွေးခြင်းဖြစ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး( လားရှိုး )မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာဘာသာဖြင့် ကုန်ပစ္စည်းအညွှန်း အမှတ်အသားဖော်ပြရမည့် ကုန်စည်အုပ်စုများမှာ အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်ကြပြီး အဆိုပါကုန်ပစ္စည်း၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များကို ဖေါ်ပြရမည်ဖြစ်သည်။

“ဖေါ်ပြရမယ့် ကုန်ပစ္စည်းအမျိုးအမည်ဆိုတာက အမှတ်တံဆိပ်နဲ့ မတူဘူး။ ဥပမာ အချိုရည်တစ်ခုမှာ လိမ္မော်သီးအချိုရည်လား၊ စပျစ်သီးအချိုရည်လားဆိုတဲ့ ကုန်ပစ္စည်းရဲ့အမျိုးအမည်က မြန်မာလို ဖေါ်ပြရမယ်။ အလေးချိန်၊ အသုံးပြုတဲ့နည်းလမ်း၊ ထိန်းသိမ်းထားသိုပုံ၊ဓါတ်မတည့်ကြောင်းဖေါ်ပြချက် ဥပမာ ကိုကာကိုလာ ပက်စီဆိုရင် နွားနို့နဲ့မတည့်တာမျိုးပေါ့။ ဥပမာ ဒါသောက်ပြီး ဘယ်နာရီလောက်ထိတော့ ဘာမသောက်ရဘူး စသဖြင့်ပေါ့။ ဓါတ်မတည့်တာတွေ၊ ဘေးထွက်ဆိုးကျိုးရှိရင် ဘေးထွက်ဆိုးကျိုးတွေကို မြန်မာလို ဖေါ်ပြပေးရမယ်။ ဒီ(၇)ချက်ကတော့ မဖြစ်မနေကို မြန်မာလို ဖေါ်ပြထားရမယ်။ ကျန်တဲ့ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်တွေမှာတော့ ဥပမာ လိပ်စာလိုမျိုးမှာတော့ အင်္ဂလိပ်လိုပဲ ဖေါ်ပြချင်လည်းရတယ်။ ဒါပေမဲ့ ကုန်အညွှန်းဖေါ်ပြချက်တွေတော့ ပြည့်စုံရမယ်”ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး( လားရှိုး )မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က စတင်ရေးဆွဲခဲ့ခြင်းဖြစ်သော်လည်း လုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်ပြင်ဆင်ရန် အဆင်သင့်မဖြစ်သေးကြောင်း တင်ပြကြသဖြင့် ဥပဒေထုတ်ပြန်ပြီး တစ်နှစ်အကြာအချိန်ပေးခဲ့ကာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစ၍ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ကုန်အညွှန်းအမှတ်အသားများ မပြည့်စုံခြင်းနှင့် မြန်မာဘာသာဖြင့် ဖေါ်ပြခြင်းမရှိမှုများအတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂) နှစ်(သို့မဟုတ်) ငွေဒဏ် ကျပ်သိန်း (၂၀၀) (သို့မဟုတ်) ပြစ်ဒဏ်နှစ်ခုစလုံးဖြင့် အရေးယူနိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~