ရည်းစားဖြစ်သူက လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသူကို တာချီလိတ်မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံသို့ လွှဲပြောင်း

ရည်းစားဖြစ်သူက လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသူကို တာချီလိတ်မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံသို့ လွှဲပြောင်း
နိုဝင်ဘာ 15, 2019
By 🌸


ရည်းစားဖြစ်သူက လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသူကို တာချီလိတ်မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံသို့ လွှဲပြောင်း

မြန်မာ - တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ၍  လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (၁၈) (ကျိုင်းတုံ)နှင့် အထူးဒေသ (၂)မှ တာဝန်ရှိသူများက ကယ်တင်ခဲ့ရသည့် ထိုင်းနိုင်ငံသူတစ်ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေ (၄)နာရီအချိန်၌ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုက်သည်။

“သူက တရုတ်ကို ပါသွားတာ။ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တရုတ်ကို လေယာဉ်နဲ့သွားတယ်။ အဲဒါ မိုင်းလားဒေသမှာ လူကုန်ကူးခံထိတယ်ဆိုပြီး ထိုင်းသံရုံးကနေ သတင်းရောက်လာတာ။ ဒါပေမဲ့ တကယ်က မိုင်းလားမှာ မဟုတ်ဘူး။ စစ်ဆောင်ပန်နားမှာ။ အမှန်မှာတော့ ကောင်လေးက သူ့ကို ရည်းစားပုံစံနဲ့ခေါ်သွားခံရတာ။ ကောင်မလေးကလည်း အကမယ်ပေါ့။ အဲဒါ သံရုံးကနေမှ ကယ်ပေးဖို့ဆိုပြီး ဆက်သွယ်လာပြီး လှမ်းပြောလာတယ်။ အဲဒါ ကျိုင်းတုံ စု(၁၈)နဲ့ အထူး (၂)နဲ့က ကယ်ပေးလိုက်တာကို အခုဒီနေ့ လွှဲပေးလိုက်တာပါ”ဟု ကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသူမှာ မြန်မာနိုင်ငံ အထူးဒေသ (၂)သို့ တရုတ်နိုင်ငံ စစ်ဆောင်ပန်းနားဒေသမှ ရောက်ရှိအလုပ်လုပ်ကိုင်နေသဖြင့်  ကယ်တင်ပေးရန် ထိုင်းသံရုံး၏ အကူအညီတောင်းခံမှုကြောင့် အထူးဒေသ (၂)မှ တာဝန်ရှိသူများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)တို့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့က ကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတစ်ခေါက်ဆိုတော့ (၃)ယောက်မြောက်ပေါ့ ထိုင်းဘက်ကို လွှဲပေးရတာပေါ့။ အရင်နှစ်ယောက်တုန်းက လိင်ပြောင်းတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အကုန်လုံး ထိုင်းဘက်ကို ပြန်လွှဲပေးရတာပဲ။ အဲဒီနှစ်ယောက်ကတော့ မိုင်းလားဘက်ရောက်နေလို့ ကယ်ပေးရတာ”ဟု ကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသူမှာ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသဖြင့် တာချီလိတ်ရှိ BCATIP ရုံးနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းရှိ BCATIP ရုံးတို့ကြား ချိတ်ဆက်၍ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သား၊ လူကုန်ကူးမှုခင်းများ၊ နိုင်ငံကူးလက်မှတ်အတု၊ ဗီဇာအတုပြုလုပ်သူများ ဖေါ်ထုတ်ရေးတို့တွင် မြန်မာနှင့် ထိုင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးသည့် (၁၃)ကြိမ်မြောက် တာချီလိတ် - ချင်းရိုင်း BCATIP အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့ရှိ  ဝမ်ကန်ဟိုတယ် တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့က ကျင်းပခဲ့စဉ်က မြန်မာ၊ ထိုင်းနှင့် လာအိုနယ်နမိတ် ထိစပ်ရာဒေသများတွင် ရွှေ့ပြောင်းလုပ်သား ဝင်/ထွက်မှု ကိစ္စရပ်များ၊ လူကုန်ကူးမှုများနှင့် အခြားဆက်စပ်မှုခင်းများတွင် သတင်းကွင်းဆက် ပူးပေါင်းဖေါ်ထုတ်ကြရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - လူကုန်တား

ဆက်စပ်သတင်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net