တာချီလိတ်တွင် အတည်ပြုလူနာများ တွေ့ရသည့် KTV နှင့် စားသောက်ဆိုင်များသို့ သွားထားသူများထဲက ဌာနဆိုင်ရာများမှာ COVID 19 စစ်ဆေးခံသူ မရှိသလောက် နည်းပါး

တာချီလိတ်တွင် အတည်ပြုလူနာများ တွေ့ရသည့် KTV နှင့် စားသောက်ဆိုင်များသို့ သွားထားသူများထဲက ဌာနဆိုင်ရာများမှာ COVID 19 စစ်ဆေးခံသူ မရှိသလောက် နည်းပါး
ဇူလိုင် 12, 2021 | Covid-19| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာတွေ့ရသည့် KTV နှင့် စားသောက်ဆိုင်များသို့ သွားရောက်ခဲ့သူများမှ အရပ်သားများကသာ မိမိအစီအစဉ်ဖြင့် COVID 19 စစ်ဆေးမှုခံယူနေကြသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်စစ်ဆေးသူ မရှိသလောက်နည်းနေသည်ဟု သိရသည်။

အခု တွေ့ရတာကတော့ ရိုးရိုးအရပ်သားတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေ၊ KTV သွားခဲ့တဲ့ အရပ်သားတွေပဲ လာစစ်တာ များပါတယ်။ ဌာနဆိုင်ရာပိုင်းကတော့ လာစစ်တာ မတွေ့သလောက်ပဲ။ သူတို့ စစ်ရင်လည်း ပေါ်ဖို့များတယ်။ ဌာနတော်တော်များများက COVID-19 သတ်မှတ်ချက်တွေကို နားမလည်ကြလို့လားမသိဘူး လိုက်နာမှုအားနည်းတယ်

ဟု ဌာနဆိုင်ရာများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ည(၈)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားသော်လည်း KTV နှင့် Club များအပါအဝင် ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများကို ဖွင့်ခွင့်ပေးထားခဲ့ပြီး  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များကို အဆိုပါနေရာများတွင် အမြဲလိုလိုတွေ့ရလေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

COVID 19 တတိယလှိုင်းတွင် တာချီလိတ်၌ KTV များမှလည်း အတည်ပြုလူနာများတွေ့ရသဖြင့် အဆိုပါနေရာများကို သွားခဲ့သူများက ဆေးရုံဟောင်းတွင်ဖွင့်လှစ်ထားသည့် Fever Clinic တွင် လာရောက်စစ်ဆေးမှုခံယူနေကြရာမှ အတည်ပြုလူနာများလည်း ထပ်တိုးတွေ့ရခြင်းဖြစ်သည်။

တာချီလိတ်က ဌာနဆိုင်ရာတော်တော်များများက ငွေရွှင်တော့ အပျော်အပါးမက်တယ်။ သောက်စားပျော်ပါးတာတွေ၊ KTV ကို သွားကြတာတွေ များတယ်။ အဲဒီတော့ ကျွန်တော်တို့ တာချီလိတ်မြို့ COVID-19 ကင်းဖို့ဆိုရင်  ခရိုင်အုပ်ချုပ်ရေးမှူးကနေ ဦးဆောင်ပြီးတော့ ဌာနတစ်ခုချင်းစီ အကုန် မစစ်မနေရလို့ ညွှန်ကြားရင်တော့ ရုံးတွေမှာ လိုက်စစ်ရင် ပေါ်ဖို့သေချာတယ်။ အဲဒီလိုဆို ထိတွေ့မှုတွေ နည်းမယ်။ စည်းကမ်းတကျဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ ဒီတိုင်းပဲ လုပ်ချင်ရာ လုပ်နေမယ်ဆိုရင်တော့ ထူးခြားမှာရှိမှာ မဟုတ်တော့ဘူး

ဟု တာချီလိတ်ဒေသခံတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့ပေါ်တွင် ခိုးဖွင့်ထားသည့် KTV  များသို့ ဇူလိုင်လ(၁၀)ရက်နေ့အထိ မြို့ပေါ်မှ ဌာနဆိုင်ရာများ၊ စစ်တပ်နှင့် ရဲများအပြင် ဝမ်ပုံနှင့် တာလေဘက်မှလည်း လာရောက်သူများရှိကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ပြီးခဲ့သည့် 1G1 KTV ပိုးတွေ့ကာလလို ပွင့်လင်းမြင်သာစွာ ပြည်သူကို အသိပေးခြင်းမရှိတော့ဘဲ သတင်းထိန်ချန်ခြင်းများ၊ ထိတွေ့သူများကို ဖုံးကွယ်ပေးခြင်း၊ ပိုးတွေ့သည့် လုပ်ငန်းတည်နေရာများကို ဖုံးကွယ်ပေးခြင်းများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များထံက ကြားသိရသည်။