တာချီလိတ်၌ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် စတင်မည့် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်နေ

တာချီလိတ်၌ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် စတင်မည့် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်နေ
နိုဝင်ဘာ 23, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၂၁၁၄)နှစ်‌မြောက် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်အား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့က စတင်၍ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေလျက်ရှိသည်။

"နက်ဖြန် ည(၈)နာရီမှာတော့ ဖွင့်ပွဲလုပ်မယ်၊ (၂၅)ရက်နေ့မှာတော့ အဆောက်အဦးရန်ပုံငွေအတွက် ရောင်းချထားတဲ့ ကံစမ်းမဲတွေနဲ့ ပတ်သက်ပြီး မဲဖွင့်ပေးမယ်၊ (၂၆)ရက်နေ့ ညမှာတော့ နှစ်သစ်ကူးကြိုကြမှာပါ။ ဒီနှစ် နမ့်ခမ်းဘက်က ရှမ်းအဆိုတော်တွေလည်း လာဖျော်ဖြေကြမယ်၊ နေ့ပိုင်းတွေမှ ဖျော်ဖြေမှု မရှိပေမဲ့ ညပိုင်းတွေမှာတော့ ဖျော်ဖြေတင်ဆက်မှုတွေ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမိုင်က နိုဝင်ဘာလ(၂၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပွဲတော်တွင် ရှမ်းတိုင်းရင်းသားအဆိုတော် (၂၄)ဦး၏ သီဆိုဖျော်ဖြေမှု အပါအဝင် ရှမ်းတိုင်းရင်းသား ရိုးရာ အကများဖြင့် ညအလိုက် ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဟောင်လိတ်မီးပွိုင့်လမ်းဆုံအနီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းအတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပွဲတော်သို့ တာချီလိတ်မြို့နယ်အတွင်းရှိ  မြို့နှင့်ကျေးရွာများမှ လာရောက်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net