တာချီလိတ်မြို့တွင် ညပိုင်းက သေနတ်သံကြားရခြင်းမှာ ပြန်ပေးဆွဲမှု ဖြစ်နေ

တာချီလိတ်မြို့တွင် ညပိုင်းက သေနတ်သံကြားရခြင်းမှာ ပြန်ပေးဆွဲမှု ဖြစ်နေ

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၁)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်အချိန်က သေနတ်သံများ ထွက်ပေါ်လာမှုမှာ ပြန်ပေးဆွဲမှု ဖြစ်နေကြောင်း သိရသည်။

မနေ့ညက ကိစ္စကတော့ သိရသလောက်က ပြန်ပေးဆွဲတာလို့ သိရတယ်။ တရုတ်တွေလို့ ပြောတယ်။ ပြန်ပေးဆွဲတဲ့ဘက်က  ရီဂျီးနားဟိုတယ်နားက တာဝါတိုင်နားမှာ လာရွေးခိုင်းတာတဲ့။ အဲ့တော့ ခံရတဲ့ဖက်က သူတို့နဲ့ နီးစပ်ရာ လှမ်းတိုင်ပြီး ဖမ်းဆီးဖို့ လုပ်တော့၊ ထွက်ပြေးတာတွေ ဘာညာဖြစ်တော့ ပစ်ခတ်တာလို့ ကြားတယ်

ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၂၂)ရက်နေ့ ညနေပိုင်းက ပြောသည်။

တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်ရှေ့ MPT တာဝါတိုင် အနီးနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအဆင်းလမ်း အနီးတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်အချိန်က သေနတ်သံ (၁၀)ချက်ကျော် ကြားရပြီးနောက် စစ်တပ်နှင့်ရဲတို့လည်း အင်အားဖြင့် ရောက်ရှိပြီး ဒီဇင်ဘာလ(၂၂)ရက်နေ့သို့ အကူး (၀၀း၁၂)နာရီအချိန်အထိ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်သွားကြကြောင်း  သိရသည်။

 ပြန်ပေးဆွဲအဖွဲ့သည် ကား(၂)စီးဖြင့်ဟု တာဝါတာအနီးတွင် ရောက်ရှိခြင်းဖြစ်သည်ဟု သိရပြီး ၎င်းတို့အား ဖမ်းမမိကြောင်းလည်း သိရသည်။ 

တာချီလိတ်မှာ ဒီကာလအတွင်း တရုတ်တွေ အချင်းချင်း ပြန်ပေးဆွဲကြတာ (၁၀)မှုလောက်ရှိတယ် အပြင်မပေါက်ကြားဘူး။ တာချီလိတ်မှာ ရောက်နေတဲ့ ထိုင်းတွေထက် တရုတ်တွေက ပိုဆိုးနေတယ်။ ထိုင်းတွေကမှ ငြိမ်နေကြသေးတယ်။ တရုတ်တွေက ပိုဆိုးနေတာပေါ့။  အဓိက ကတော့ သတ္တူကိစ္စထက် လောင်းကစား ကိစ္စတွေ၊ အကြွေးကိစ္စတွေကြောင့် ဖြစ်တာ ပိုများတယ်။ တပ်နဲ့ ရဲတွေကလည်း ရိုက်စားဘဲ လုပ်တာ။ တရုတ်တွေရဲ့အကြားမှာ ပွဲစားလိုမျိုး ကြားခံလူတွေရှိတယ်။ တိုင်းမှူးတို့၊ ဗျူဟာမှူးတို့၊ စရဖတို့နဲ့ပိုင်တယ်ဆိုတဲ့  ဒေသခံစီးပွားရေးသမားအမည်ခံ လူတွေပေါ့။ သူတို့လည်း တရုတ်ကို မထိန်းနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ ပြသာနာဖြစ်ရင် စရဖတို့ ရဲပိုင်းတို့နဲ့ အထက်မရောက်စေတဲ့ နည်းနဲ့ ရှင်းနေကြတယ်

ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ကာလများက ဝမ်မိုင်ရွာအဆင်းလမ်းအနီးရှိ အိမ်ခန်းငှားတစ်ခုတွင်လည်း တရုတ်နိုင်ငံသားအချင်းချင်း ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သလို ဝိန်းကျောက်ရပ်ကွက် နှင့် ဆန်ဆိုင်း(က)ရပ်ကွက်တို့တွင်လည်း ပြန်ပေးဆွဲမှုများ ဖြစ်ပွားခဲ့သော်လည်း အထက်ဌာနသို့ မတက်စေသည့် နည်းများဖြင့် ဖြေရှင်းခဲ့ကြသည်ဟုလည်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။